ထိုင်းနိုင်ငံ၊ ပါရာချက်ခရိုင် ကူရီဘူရီမှာ ဓားကိုင်ပြီး ရမ်းနေတဲ့ အသက် ၃၀ အရွယ် မြန်မာနိုင်ငံသားကို နယ်မြေခံ ထိုင်းရဲက အောက်တိုဘာ ၁၈ ရက်နေ့မှာ ပစ်သတ်ခဲ့တယ်လို့ The Thiger မှာ ဖော်ပြထားပါတယ်။
ကူရီဘူရီရဲစခန်းမှ ဒုဦးစီးမှူး ဗက်တနာချိုင်း ဦးဆောင်တဲ့အဖွဲ့က သောင်းကျန်းနေတဲ့ မြန်မာနိုင်ငံသား အေးကိုကို ကိုင်ထားတဲ့ ဓားနှစ်လက် ချထားဖို့နဲ့ စိတ်အေးအေးထားဖို့ ပြောပေမဲ့ အေးကိုက ဓားနဲ့ရန်မူတာကြောင့် ရဲတပ်ကြပ် သီရဖတ်က ဖင်ထိုင်လဲကျသွားခဲ့ပါတယ်။
လဲကျသွားတဲ့ ရဲတပ်ကြပ်ကို မြန်မာနိုင်ငံသား အေးကိုက ဓားနဲ့ဝင်ခုတ်တဲ့အတွက် သီရဖတ်က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ ၉ မမသေနတ်နဲ့ နှစ်ချက် ပစ်ခတ်ခဲ့ရာ သေဆုံးခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။
အေးကိုဟာ ပြီးခဲ့တဲ့ ၂ လကျော်ကလည်း စိတ်ရောဂါအခြေအနေဖောက်ပြီး ဓားကိုင်ဆောင်ကာ ရွာထဲကသူတွေကို ခြိမ်းခြောက်ခဲ့ပေမဲ့ အိမ်နီးနားချင်းတွေနဲ့ ရဲတပ်ဖွဲ့က ထိန်းသိမ်းနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား အေးကိုရဲ့ အလောင်းကို ကူရီဘူရီဆေးရုံ ပို့ဆောင်စစ်ဆေးနေပြီး အမှုကို ရဲတပ်ဖွဲ့က ဆက်လက်အရေးယူသွားမယ်လို့ ကူရီဘူရီရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။