မြန်မာနိုင်ငံကထွက်ရှိတဲ့ ထောပတ်သီးတွေကို ထိုင်းနဲ့ ဘာရိန်းနိုင်ငံအပြင် အိန္ဒိယနိုင်ငံနဲ့ ပြင်သစ်နိုင်ငံက ဝယ်ယူဖို့ ကမ်းလှမ်းထားတယ်လို့ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူတွေဆီက သိရပါတယ်။
အိန္ဒိယနိုင်ငံက ထောပတ်သီးတန်ချိန် ၁,၀၀၀ နဲ့ ပြင်သစ်နိုင်ငံက ထောပတ်သီးတန်ချိန် ၈ တန် ဝယ်ယူဖို့ မြန်မာနိုင်ငံကို အမှာစာပို့ထားပါတယ်။
ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူတဦးက “ကျနော် အရင်ကပြောခဲ့သလိုပဲ ထောပတ်သီးဝယ်တဲ့နိုင်ငံ များလေကောင်းလေပါပဲ။ ဒါပေမဲ့ အခု မြန်မာ့ထောပတ်သီး ဝယ်ယူမယ့်နိုင်ငံ များလာတယ်။ ထောပတ်သီးကလည်း export ကို အဓိကအားထားတဲ့ အသီးဖြစ်တော့ ကမ်းလှမ်းမှုများလေ ရွေးချယ်ပြီး ရောင်းလို့ရတာပေါ့။ ကျနော်တို့က စရိတ်သက်သာတဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့ပဲ တင်ပို့ဖို့ စဉ်းစားထားတယ်။ ဒါပေမဲ့ export အသီးက ဒီလအကုန်မှ များများထွက်မယ်ဆိုတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ” လို့ ပြောပါတယ်။
လက်ရှိမှာ မြန်မာ့ထောပတ်သီးကို တာချီလိတ် နယ်စပ်ကုန်သွယ်ရေးကတဆင့် ထိုင်းနိုင်ငံကို တင်ပို့သွားမှာဖြစ်ပြီး ဘာရိန်းနိုင်ငံကိုလည်း တင်ပို့ဖို့ ကြိုးစားနေတယ်လို့ သူက ဆက်ပြောပါတယ်။
စိုက်ပျိုးစရိတ်ကြီးမြင့်လာတဲ့ အခုနှစ်မှာ ပြည်ပက ထောပတ်သီးဝယ်ယူမှု များလာတာဟာ တောင်သူတွေအတွက် ကောင်းမွန်တဲ့အရွေ့တခုဖြစ်တယ်လို့ စိုက်တောင်သူတဦးက ပြောပါတယ်။
၂၀၂၂-၂၃ ဘဏ္ဍာနှစ်က မြန်မာနိုင်ငံမှာ ထောပတ်သီးတန်ချိန် ၃,၀၀၀ အထိ ထွက်ရှိခဲ့ပြီး ပြည်တွင်းစာသုံးမှု တန်ချိန် ၁၀၀ သာရှိကာ ကျန်တာ ပြည်ပကို တင်ပို့တယ်လို့ မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ်သူများအသင်း (MAVO) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာပြည်ထွက် ထောပတ်သီးကို တရုတ်၊ ထိုင်း၊ မလေးရှား၊ ယူအေအီး၊ စင်ကာပူနဲ့ ဗီယက်နမ်နိုင်ငံတို့ကိုလည်း ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ထောပတ်သီးစိုက်ခင်းဧက ၂၅,၀၀၀ ရှိပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ချင်းတောင်ပိုင်း၊ စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ စိုက်ပျိုးကြပါတယ်။