စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံသားတွေ မလေးရှားနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်သူပိုများလာပြီး ဒုက္ခသည်အဖြစ် ခိုလှုံခွင့် (UN) လျှောက်ထားသူတွေကို UNHCR ဝန်ထမ်းအယောင်ဆောင်ပြီး ငွေကြေးလိမ်လည်မှုတွေ ရှိနေတယ်လို့ မလေးရှားနိုင်ငံရောက် မြန်မာဒုက္ခသည်အရေး အကူအညီပေးနေသူတွေထံက သိရပါတယ်။
UN လျှောက်တာနဲ့ပတ်သက်ပြီး အသိပညာမရှိသူတွေကို ပစ်မှတ်ထားကာ UN ကတ်ရအောင် လုပ်ဆောင်ပေးမယ်ဆိုပြီး ချဉ်းကပ်လိမ်လည်ကြတယ်လို့ သိရပါတယ်။
WhatsApp သို့မဟုတ် ဖုန်းမက်ဆေ့ချ်ကတဆင့် ဆက်သွယ်လာပြီး UNHCR ဝန်ထမ်းအယောင်ဆောင်၊ ပွဲစားအယောင်ဆောင်ကာ ကိုယ်ရေးအချက်အလက်တွေ တောင်းယူပြီး ငွေကြေးလိမ်လည် တောင်းခံနေတယ်လို့ ဆိုပါတယ်။
UNHCR လျှောက်ထားရေး၊ မှတ်ပုံတင်ခြင်း၊ ပြန်လည်နေရာချထားရေး၊ အင်တာဗျူးရက်ချိန်းများ လုပ်ဆောင်ပေးမယ်ဆိုကာ ဝန်ဆောင်ခ မလေးငွေ ရင်းဂစ် ၂၀၀ ကနေ ၃၀၀ အကြား လိမ်လည်တောင်းခံနေကြတာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံရောက် မြန်မာအရေး အကူအညီပေးနေသူတဦးက “အလိမ်ခံရတဲ့ သူတွေကလည်း လိုချင်တာပဲသိတယ်။ ဟုတ်လား မှန်လားဆိုပြီး စိစစ်မေးမြန်းတာတွေ မရှိဘူး။ မလေးရှားမှာ အဖမ်းအဆီးကို ကြောက်နေရုံနဲ့ အလိမ်ခံရတာပေါ့။ လိမ်တဲ့သူတွေကလည်း ပိပိရိရိလိမ်တယ်၊ အထောက်အထားတွေနဲ့ စကားပြောကောင်းတော့ ယုံကြတာပေါ့” လို့ ပြောပါတယ်။
UN ဒုက္ခသည်ကတ် ရှိထားရင် မလေးရှားနိုင်ငံအတွင်းမှာ အဖမ်းအဆီးမရှိ နေထိုင်နိုင်ပြီး တချို့လုပ်ငန်းတွေမှာလည်း ဝင်ရောက်အလုပ်လုပ်ကိုင်နိုင်တယ်လို့ သိရပါတယ်။
UN ဒုက္ခသည်ကတ်ကို UN ရဲ့ဝက်ဘ်ဆိုက်၊ ဒုက္ခသည်အကူအညီပေးရေး ရုံးတွေမှာ လျှောက်ထားနိုင်ပြီး UNHCR အနေနဲ့လည်း သူတို့ရဲ့ ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး ငွေကြေးတောင်းခံမှု မရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။