အစ္စရေးတင့်ကားတွေနဲ့ တပ်ဖွဲ့တွေဟာ အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းက လက်ဘနွန်နယ်စပ်မှာ တပ်စွဲထားပြီး အစ္စရေးနယ်စပ်ဘက်ခြမ်းမှာ မီးခိုးလုံးတွေ လျှံတက်လာတာကို တွေ့ရတာကြောင့် လက်ဘနွန်ဘက်ခြမ်းကနေ ပစ်ခတ်လိုက်ပုံရကြောင်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
အစ္စရေးတပ်ဖွဲ့ဝင်တွေဟာ နိုင်ငံပိုင်နက်ထဲ မကြုံစဘူး တိုက်ခိုက်မှုကို လက်တုံ့ပြန်ဖို့ ဟားမတ်စ် ထိန်းချုပ်ထားတဲ့ ဂါဇာကမ်းမြောင်ကို မြေပြင်ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေချိန်မှာ အခုလို လက်ဘနွန်ဘက်ကနေ တိုက်ခိုက်မှု ထွက်ပေါ်လာတာပါ။
အီရန်ကလည်း အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုကို မရပ်တန့်ဘူးဆိုရင် အလွန်ကြီးမားတဲ့ အကျိုးဆက်တွေကို ကြုံရမယ်လို့ သတိပေးခဲ့ပါတယ်။
အစ္စရေးဟာ လက်ဘနွန်မှ ဟစ်ဇ်ဘိုလာအဖွဲ့နဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ ဟားမတ်စ်တို့ အပါအဝင် မတူညီတဲ့ အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ထားတဲ့ ဗီဒီယိုဖိုင်ကို အောက်တိုဘာ ၁၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
အောက်တိုဘာ ၁၈ ရက်မှာ ဖြစ်ပွားခဲ့တဲ့ “ပစ်ခတ်တိုက်ခိုက်မှု” ကို တုံ့ပြန်တဲ့အနေနဲ့ ပင်လယ်ပြင်ကို မျက်နှာမူထားတဲ့ ရှုထောင့်တခု အပါအဝင် ဟစ်ဇ်ဘိုလာ စစ်ဆင်ရေးကလို့ ဆိုတဲ့ ပစ်မှတ်တွေကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က တယ်လီဂရမ်ချန်နယ်မှာ ပို့စ်တင်ထားပါတယ်။
IDF ရဲ့ သီးခြား တယ်လီဂရမ်ပို့စ်တခုမှာတော့ ဟားမတ်စ်အဖွဲ့ပိုင် အဆောက်အအုံတွေကို ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း၊ တင့်ကားဖျက်ဒုံးကျည် ပစ်လွှတ်တဲ့နေရာများ၊ ဥမင်ပေါက်များ၊ ထောက်လှမ်းရေး အခြေခံအဆောက်အအုံများနဲ့ ကွပ်ကဲမှုစင်တာများ အပါအဝင် ပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက်ခဲ့ကြောင်း ပြောကြားထားပါတယ်။
လက်ဘနွန်စစ်သွေးကြွ ဟစ်ဇ်ဘိုလာအဖွဲ့ကတော့ အစ္စရေးနယ်စပ်မြို့ မက်တူလာရှိ အစ္စရေးစစ်တပ် မော်တော်ယာဉ်တစီးကို ပဲ့ထိန်းဒုံးကျည်နဲ့ တိုက်ခိုက်မှု အပါအဝင် တိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြောင်း ပြောပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ဟားမတ်စ်နဲ့ ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့ အစ္စလာမ္မစ် ဂျီဟတ်အဖွဲ့ ၂ ခုလုံးနဲ့ မဟာမိတ်ဖြစ်ပြီး လက်ဘနွန်မှာ စစ်ဆင်ရေးတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Source/Photo-Reuters