ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် မိန်းကလေးငယ်တယောက် သေဆုံးပြီး အမျိုးသမီးတယောက် ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။
တာမခံကျေးရွာမှာရှိတဲ့ ခမရ ၁၁၉ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အတွက် ဟောင်ပါးကျေးရွာ အမှတ် ၃ နတ်ရေတောင်ရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ကာ အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တယောက် သေဆုံးပြီး အသက် ၅၀ အရွယ် အမျိုးသမီးတယောက် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံ အမျိုးသားတစ်ဦးက “ညနေ ၅ နာရီလောက်က စပစ်တာ။ တိုက်ပွဲဖြစ်တာလည်း မရှိပါဘူး။ အဲဒါ နတ်ရေတောင်ဘက် လက်နက်ကြီးကျလို့ အသက် ၁၂ နှစ်အရွယ် ကောင်မလေးနဲ့ အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရတယ်။ ကောင်မလေးက ဒဏ်ရာပြင်းထန်လို့ ဖားကန့်ဆေးရုံကို အပို့မှာ လမ်းတင်ဆုံးသွားတယ်” လို့ ပြောပါတယ်။
လက်နက်ကြီးထိမှန်တဲ့ အသက် ၁၂ နှစ်အရွယ်မိန်းကလေးငယ်ဟာ လက်ခြေထောက်နဲ့ ဝမ်းဗိုက်မှာ ကျည်ထိမှန် ဒဏ်ရာရခဲ့ပြီး ဖားကန့်ဆေးရုံကို ပို့ဆောင်ပေးစဉ် လမ်းမှာတင်ပဲ အသက်ဆုံးရှုံးခဲ့တာပါ။
Photo - CJ