ဗြိတိသျှပြတိုက်မှာ စုဆောင်းထားသမျှ ပစ္စည်းအားလုံးကို ဒစ်ဂျစ်တယ်စနစ်နဲ့ ပြောင်းလဲ မှတ်တမ်းတင်နိုင်ဖို့ ကြီးမားတဲ့ ပရောဂျက်တခုကို စီစဉ်ဆောင်ရွက်နေတယ်လို့ ဗြိတိသျှပြတိုက်ဥက္ကဋ္ဌ ဂျော့ဂျ် အော့စ်ဘောန်က အောက်တိုဘာ ၁၈ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဩဂုတ်လတုန်းက ပြတိုက်မှာ ပစ္စည်းခိုးယူမှုတွေ ရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်မှာ ရှေးဟောင်းပစ္စည်းပေါင်း ၂,၀၀၀ လောက် ပျောက်ဆုံးသွားကြောင်း သတင်းပို့ခဲ့ပါတယ်။
အဲဒီအမှုကို ရဲတပ်ဖွဲ့က စုံစမ်းနေဆဲဖြစ်ပြီး ပြတိုက်ရဲ့ နှစ်ရှည်လများ ယုံကြည်ကိုးစားထားတဲ့ အတွင်းလူ ဝန်ထမ်းက ခိုးယူခဲ့တာဖြစ်ကြောင်း ပြတိုက်ဥက္ကဋ္ဌ ဂျော့ဂျ် အော့စ်ဘန်က ပါလီမန်ကော်မတီကို ပြောပါတယ်။
ပြတိုက်ပိုင်ပစ္စည်းတွေ ခိုးယူကြောင်း သံသယရှိတဲ့ ပြတိုက်ဝန်ထမ်းကိုလည်း အလုပ်ကနေ ထုတ်ပစ်လိုက်ပြီး အခုတော့ အခိုးခံရတဲ့ပစ္စည်းတွေကို ပြန်ရထားပြီလို့လည်း ဆိုပါတယ်။
ပြတိုက်မှာလည်း အသိပေး အချက်ပြကုဒ်ကို ပြောင်းလဲလိုက်ပြီး ခိုးယူမှုဆိုင်ရာ မူဝါဒကိုလည်း ပြောင်းလိုက်တဲ့အပြင် စတိုးဆိုင် အပါအဝင် စုဆောင်းပြသထားတဲ့ ပစ္စည်းတိုင်းရဲ့ အနီးပတ်လည်မှာ လုံခြုံရေး တင်းကျပ်ထားကြောင်း အော့စ်ဘန်က ပြောပါတယ်။
ခိုးယူခံရတာကနေ ပြန်ရရှိတဲ့ ပစ္စည်းပေါင်း ၃၅၀ ကို ပြန်လည်ပေးအပ်ဖို့ လုပ်ဆောင်နေပြီဖြစ်ကြောင်း ဗြိတိသျှပြတိုက်ရဲ့ ယာယီဒါရိုက်တာ မာ့ခ်ဂျုံးန်စ်က ပြောပါတယ်။
နာမည်ကျော် ရိုဆက်တာ ရှေးဟောင်း အီဂျစ်ကျောက်တုံးနဲ့ ပါသီနွန် စကျင်ပန်းပုရုပ်တွေလို အဖိုးတန်ပစ္စည်းတွေ တည်ရှိရာနေရာဖြစ်တဲ့ ဗြိတိသျှပြတိုက်ဟာ ကမ္ဘာပေါ်မှာ လာရောက်လည်ပတ်မှု အများဆုံး ပြတိုက်တွေထဲက တခုဖြစ်ပါတယ်။
Source/Photo-Reuters