Home
နိုင်ငံတကာ
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစ္စရေးနိုင်ငံရောက်
DVB
·
October 18, 2023
JoeBiden Israel_18102023

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ အစ္စရေးနဲ့ စည်းလုံးညီညွတ်မှုကို ပြသဖို့နဲ့ ပြင်းထန်လာနေတဲ့ ဂါဇာစစ်ပွဲအကြောင်း ဆွေးနွေးဖို့အတွက် အောက်တိုဘာ ၁၈ ရက်က အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့တော်ကို ဆိုက်ရောက်လာရာမှာ အစ္စရေးသမ္မတ အိုက်ဆက်ဟဲဇော့ဂ်နဲ့ ဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုတို့က လေယာဉ်အဆင်း ကတ္တရာလမ်းမမှာတင် ကြိုဆိုခဲ့ကြပါတယ်။

ဘိုင်ဒင်ရဲ့ အရှေ့အလယ်ပိုင်း သံတမန်မစ်ရှင် ခရီးစဉ်ဟာ ဒေသကို တည်ငြိမ်စေဖို့နဲ့ ဂါဇာကမ်းမြောင်အတွက် လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းမှုတွေကို မြှင့်တင်ဖို့ ရည်ရွယ်ထားပေမဲ့ ဂါဇာဆေးရုံ တိုက်ခိုက်ခံရပြီးနောက်မှာတော့ ဂျော်ဒန်နိုင်ငံဟာ အမေရိကန်သမ္မတ၊ ပါလက်စတိုင်းသမ္မတ မာမွတ်အက်ဘာ့စ်နဲ့ အီဂျစ်သမ္မတ အဗ္ဗဒလ်ဖှာတာ အယ်လ်စီစီတို့နဲ့ ပြုလုပ်ဖို့ စီစဉ်ထားတဲ့ ထိပ်သီးဆွေးနွေးပွဲကို ဖျက်သိမ်းလိုက်ပါတယ်။

အောက်တိုဘာ ၇ ရက်က ဂါဇာအခြေစိုက် ဟားမတ်စ် သေနတ်သမားတွေဟာ အစ္စရေးကျေးရွာတွေနဲ့ စစ်စခန်းတွေကို တိုက်ခိုက်ခဲ့လို့ လူရာနဲ့ချီ သေဆုံးခဲ့ပြီးနောက်မှာ အစ္စရေးကို အမေရိကန်ရဲ့ ထောက်ခံမှုကို ပြသဖို့ သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။

ဂါဇာမှာ မြေပြင်ထိုးစစ်ဆင်ဖို့ အစ္စရေးက မျှော်လင့်ထားပြီး အမေရိကန်ကလည်း အရပ်သားတွေကို ကူညီဖို့ လူသားချင်းစာနာမှု အကူအညီတွေကို ခွင့်ပြုပေးဖို့ အစ္စရေးကို ဖိအားပေးနေပါတယ်။

အနောက်ဘက်ကမ်းတဝိုက်ရှိ ပါလက်စတိုင်းသားတွေကတော့ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်းမှာ ရောက်ရှိလာတဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ အစ္စရေးခရီးစဉ်အတွက် စိတ်ပျက်မိကြောင်း ထုတ်ဖော်ပြောဆိုကြပြီး တချို့က သူတို့မြို့တွေမှာ ဘိုင်ဒင်ကို မကြိုဆိုဘူးလို့ ပြောဆိုခဲ့ကြပါတယ်။

ပါလက်စတိုင်းတွေ ရာနဲ့ချီ သေဆုံးခဲ့တဲ့ ဂါဇာဆေးရုံ ပေါက်ကွဲမှုမှာ ဆေးရုံကို တိုက်ရိုက်ပစ်ခတ်တယ်ဆိုတဲ့ သက်သေအထောက်အထား မတွေ့ရှိရကြောင်း အစ္စရေးစစ်တပ်က ဒီနေ့ ပြောကြားခဲ့ပါတယ်။

အစ္စရေးထောက်လှမ်းရေးရဲ့ အဆိုအရ ဟားမတ်စ်က အစီရင်ခံစာတွေကို စစ်ဆေးခဲ့ပြီး ဒါဟာ အစ္စလမ္မစ် ဂျီဟတ်ဒုံးပျံတစင်းက မှားယွင်းထိမှန်ခဲ့တာလို့ နားလည်ထားကြောင်း အစ္စရေးစစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက အစ္စရေးနိုင်ငံကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် ရောက်မလာသေးခင် အချိန်အတွင်း အင်္ဂလိပ်ဘာသာစကားနဲ့ တိုက်ရိုက်လွှင့်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားတာပါ။

“ညနေ ၆ နာရီ ၁၅ မိနစ်မှာ အစ္စရေးကို ဟားမတ်စ်တွေက ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး အဲဒီနောက် ညနေ ၆ နာရီ ၅၉ မိနစ်မှာ အနီးနားရှိ သင်္ချိုင်းတခုကနေ အစ္စလာမ္မစ်ဂျီဟတ်က ဒုံးကျည် ၁၀ စင်း ပစ်ခတ်ခဲ့ကြောင်း၊ ဂါဇာစီးတီးရှိ အလ်အလီ အာရဘ်ဆေးရုံ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ချိန်က ညနေ ၆ နာရီ ၅၉ မိနစ်လို့ သတင်းတွေ ထွက်ပေါ်ထားကြောင်း” ဗိုလ်ချုပ်ကြီး ဟာဂါရီက ရှင်းလင်းပြောဆိုပါတယ်။

အားလုံးနဲ့ မျှဝေထားတဲ့ ဂါဇာဆေးရုံ ပေါက်ကွဲမှု အထောက်အထားတွေက အစ္စလာမ္မစ် ဂျီဟတ်ဒုံးပျံနဲ့ မှားယွင်းပစ်လွှတ်ခဲ့တာကြောင့် ဖြစ်ကြောင်း ပြနေပါတယ်လို့လည်း ဟာဂါရီက ပြောပါတယ်။

ဒါ့အပြင် ဟားမတ်စ်က ပေါက်ကွဲမှုကြောင့် အသေအပျောက် အရေအတွက်ကိုလည်း အများကြီး ဖောင်းပွပြီး ပြောဆိုနေပြီးတော့ အမှန်တကယ် ဖြစ်ပျက်ခဲ့တာတွေကို ဖုံးကွယ်ဖို့ ကမ္ဘာလုံးဆိုင်ရာ မီဒီယာလှုပ်ရှားမှုကို စတင်ဖို့ ဆုံးဖြတ်ခဲ့တာလို့လည်း ဟားမတ်စ်အဖွဲ့ကို ဟာဂါရီက စွပ်စွဲခဲ့ပါတယ်။

အစ္စရေးရဲ့ ဝေဟင်မှတ်တမ်းတွေကို လေ့လာကြည့်ရင် ဆေးရုံကို တိုက်ရိုက်ပစ်ခတ်ခြင်း မရှိခဲ့ကြောင်း အတည်ပြုပါတယ်လို့ အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ်ကြီး ဒယ်နီယယ် ဟာဂါရီက ပြောသွားပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024