Home
နိုင်ငံတကာ
ရုရှားအစိုးရ၏ အကျိုးစီးပွားကို ချိုးနှိမ်၍မရဟု သမ္မတ ပူတင်ပြော
DVB
·
October 18, 2023
Putin_18102023

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ မှတ်ချက်တွေကို ပယ်ချခဲ့ပြီး ရုရှားအစိုးရရဲ့ အကျိုးစီးပွားကို ချိုးနှိမ်လို့မရဘူးလို့ အောက်တိုဘာ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

အမေရိကန် နိုင်ငံရေးသမားတွေဟာ တခြားသူတွေကို လေးစားတတ်ဖို့ သင်ယူသင့်တယ်လို့လည်း တရုတ်မြို့တော် ပေကျင်းမြို့မှာလုပ်တဲ့ လူတွေ့မေးမြန်းခန်းအတွင်း ပြောလိုက်တာပါ။

တကယ်လို့ ဥရောပနိုင်ငံအားလုံး ညီညွတ်ခဲ့ရင် ဘာဖြစ်မလဲ မြင်ယောင်ကြည့်ပါ။ ပူတင်ဟာ အခု သူ ဖြစ်အောင်လုပ်နေတဲ့ ဒုက္ခတွေကို ထပ်မလုပ်နိုင်တော့တဲ့အထိ နောက်ဆုံးမှာ အဆုံးသတ်သွားလိမ့်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က CBS News သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောခဲ့တာပါ။

ဘိုင်ဒင့်မှတ်ချက်ကို တုံ့ပြန်ရင်း ပူတင်က “ဒါ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး မဟုတ်ပါဘူး။ ဒါက နိုင်ငံအကျိုးစီးပွားနဲ့ ပတ်သက်ပါတယ်။ ပြီးတော့ ရုရှားရဲ့ အကျိုးစီးပွားကို ချိုးနှိမ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့ ထည့်သွင်းစဉ်းစားရမှာပါ” လို့ ပြောခဲ့ပါတယ်။

၂၀၂၁ ခုနှစ်မှာ အမေရိကန်သမ္မတ တာဝန်ကို ယူချိန်ကစပြီး ဆန့်ကျင်ဘက်ဆက်ဆံရေးရှိခဲ့တဲ့ ဘိုင်ဒင်နဲ့တကွ ကျယ်ပြန့်တဲ့ အမေရိကန်နိုင်ငံရေး အထက်တန်းလွှာတွေဟာ ရုရှားကို လေးစားရေး သင်ယူဖို့ လိုအပ်နေတယ်လို့လည်း ပူတင်က တရုတ်မြို့တော်မှာလုပ်တဲ့ ထိပ်သီးဆွေးနွေးပွဲအတွင်း နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ အတိုချုံး အင်တာဗျူးတခုမှာ ပြောခဲ့ပါတယ်။

“ဒါက သမ္မတ ဘိုင်ဒင်အတွက်တင်မကဘဲ အမေရိကန် နိုင်ငံရေးအထက်တန်းလွှာ တခုလုံးနဲ့လည်း သက်ဆိုင်ပါတယ်။ တခြားသူတွေကို လေးစားဖို့ သင်ယူရမယ်၊ ပြီးတော့ ဘယ်သူ့ကိုမှ ဖိနှိပ်နေစရာ မလိုပါဘူး” လို့ ပူတင်က ပြောခဲ့ပါတယ်။

ခက်ခဲတဲ့ကမ္ဘာမှာ တရုတ်နိုင်ငံနဲ့ နိုင်ငံခြားရေးမူဝါဒအပေါ် အနီးကပ် ပူးပေါင်းဆောင်ရွက်ရေးက အရေးကြီးတယ်လို့လည်း ရုရှားသမ္မတ ဗလာဒီမာပူတင်က အောက်တိုဘာ ၁၈ ရက်မှာ ပြောလိုက်ပါတယ်။

“လက်ရှိ ခက်ခဲတဲ့အခြေအနေတွေမှာ နိုင်ငံခြားရေးမူဝါဒ အနီးကပ် ညှိနှိုင်းဆောင်ရွက်မှုက အထူးလိုအပ်ပါတယ်။ ဒီနေ့လည်း ဒါတွေအားလုံးကို ဆွေးနွေးမှာပါ” လို့ ပူတင်က တရုတ်မြို့တော် ပေကျင်းမှာလုပ်တဲ့ အစည်းအဝေးအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ပြောခဲ့ပါတယ်။

၂၀၁၃ ခုနှစ်မှာ ရှီက အဆိုပြုခဲ့တဲ့ ခါးပတ်နဲ့လမ်း စီမံကိန်းကို ပူတင်က ချီးကျူးခဲ့ပြီး တရုတ်ပြည်သူတွေနဲ့ တရုတ်ခေါင်းဆောင်တို့ဟာ သူတို့ရဲ့ အစီအစဉ်တွေကို အောင်အောင်မြင်မြင် ဖြည့်ဆည်းပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024