မွန်ပြည်နယ်၊ ရေးမြို့ ရန်ကြီးအောင်ရပ်ကွက် ကမ်းနားလမ်းရှိ လက်ဖက်ရည်ဆိုင်တဆိုင်မှာ ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးဇော်နိုင်လင်းဟာ အောက်တိုဘာ ၁၈ ရက် ဒီနေ့ မနက် ၇ နာရီခွဲက သေနတ်နဲ့ ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ခရိုင်ဦးစီးမှူးဟာ ကမ်းနားလမ်းရှိ ဖူးလက်ဖက်ရည်ဆိုင်မှာ တယောက်တည်းထိုင်ပြီး လက်ဖက်ရည် သောက်နေစဥ် အမည်မသိ ဆိုင်ကယ်စီးလာသူတဦးက ပစ်ခတ်သွားတာလို့ ဒေသခံတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
“သေနတ်နဲ့ လေးချက်လောက် ပစ်သွားတာ ပွဲချင်းပြီးပဲ။ စစ်သားတွေရော ရဲတွေရောက်တဲ့အချိန် ဦးစီးမှူးက သေနေပြီ။”
ဦးဇော်နိုင်လင်းဟာ ကျည်ထိမှန်ဒဏ်ရာ ၃ ချက်ထိမှန်ကာ အခင်းဖြစ်ရာ နေရာမှာ သေဆုံးခဲ့တာဖြစ်ပြီး သူ့ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်သွားတာလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက "ဦးစီးမှူးက စစ်တပ်ကို သတင်းပေးတယ်ဆိုပြီး အသံထွက်နေတာ။ သတိထားဖို့ ပြောနေရင်းဖြစ်တာ။ တပ်ဘက်က ရေးဘီးလူးအဖွဲ့ပစ်သွားတာဆိုပြီး အစီရင်ခံစာပို့တယ်"လို့ ပြောပါတယ်။
အောက်တိုဘာ ၁၀ ရက် မနက် ၁၀ နာရီကလည်း ရေးမြို့နယ် အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအေးလွင် သေနတ်နဲ့ ပစ်ခတ်ခံရခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ရေးမှာ ဗိုလ်ကြီးတွေ၊ ရဲအုပ်တွေ အုပ်ချုပ်ရေးမှူးတွေ ခဏခဏအပစ်ခံရတာ။ ရေးက လွတ်မြောက်နယ်မြေလိုဖြစ်နေပြီ။ ဘယ်သူမှ ပေါ်တင်မသွားလာရဲဘူး။”
ရေးမြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်၊ စက်တင်ဘာနဲ့ အောက်တိုဘာလတွေအတွင်း ပစ်ခတ်မှုတွေကြောင့် ဗိုလ်ကြီး၊ ရဲအုပ်၊ ဦးစီးမှူးနဲ့ အုပ်ချုပ်ရေးမှူးတွေ အပါအဝင် စစ်ကောင်စီ နောက်လိုက်နောက်ပါ ၁၅ ဦးလေက် သေဆုံးခဲ့ပါတယ်။