ယူရို ၂၀၂၄ ခြေစစ်ပွဲစဉ်အဖြစ် နာမည်ကြီး အင်္ဂလန်နဲ့ အီတလီတို့ မနေ့ညက ယှဉ်ပြိုင်ရာ အင်္ဂလန်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ခြေစစ်ပွဲ အောင်မြင်သွားပါတယ်။
ဒီပွဲမှာ အဖွင့်ဂိုးကိုတော့ အီတလီက ရခဲ့တာဖြစ်ပြီး ပွဲချိန် ၁၅ မိနစ်မှာ တိုက်စစ်မှူး စကာမာကာက သွင်းယူပေးခဲ့တာပါ။
အင်္ဂလန်အသင်းဟာ ဦးဆောင်ဂိုးပေးလိုက်ပေမဲ့ ကစားပုံပျက်မသွားဘဲ တိုက်စစ်ဆင်ကစားပြီး ပွဲချိန် ၃၂ မိနစ်မှာ ဘယ်လင်ဟမ်ကြောင့်ရတဲ့ ပယ်နယ်တီကို တိုက်စစ်မှူး ဟယ်ရီကိန်းက အမှားအယွင်းမရှိ ကန်သွင်းပြီး ချေပဂိုး ရခဲ့ပါတယ်။
ပထမပိုင်းမှာ ၁ ဂိုးစီသရေကျပြီးနောက် ပွဲချိန် ဒုတိယပိုင်း ၅၇ မိနစ်မှာ ရပ်ရှ်ဖို့ဒ်နဲ့ ၇၇ မိနစ်မှာ ဟယ်ရီကိန်းတို့က အနိုင်ဂိုးတွေသွင်းပြီး အင်္ဂလန်က ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားတာ ဖြစ်ပါတယ်။
ဒီပွဲစဉ်မှာ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင် ကစားခဲ့ပြီး အီတလီအသင်းရဲ့ အပိုင်ကန်သွင်းချက်တချု့ိကို အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ် ကာကွယ်နိုင်ခဲ့တဲ့အတွက်လည်း အီတလီတို့ အခွင့်အရေးမရဘဲ အရေးနိမ့်ခဲ့ရတာပါ။
ဒီအုပ်စုက တခြားပွဲစဉ်မှာတော့ ယူကရိန်းက မော်လ်တာကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ဒီအုပ်စုမှာ အင်္ဂလန်အသင်းက ၆ ပွဲကစားပြီး ရမှတ် ၁၆ မှတ်နဲ့ ထိပ်ဆုံးက ဦးဆောင်ထားပြီး ယူကရိန်းက ၇ ပွဲကစား ရမှတ် ၁၃ မှတ်နဲ့ ဒုတိယ၊ အီတလီက ၆ ပွဲကစား ၁၀ မှတ်နဲ့ တတိယ၊ မြောက်မက်ဆီဒိုးနီးယားက ၆ ပွဲကစားပြီး ရမှတ် ၇ မှတ်နဲ့ စတုတ္ထ၊ မော်လ်တာက ၇ ပွဲကစားပြီး နိုင်ပွဲမရဘဲ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေပါတယ်။
အင်္ဂလန်အသင်းအနေနဲ့ လက်ကျန်ပွဲစဉ် ၂ ပွဲကနေ ၁ မှတ်ရယူနိုင်တာနဲ့ အုပ်စုဗိုလ်နေရာကနေ ခြေစစ်ပွဲအောင်မြင်မှာ ဖြစ်ပါတယ်။
Photo-Reuters