တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာနေ ပြည်သူတဦး လက်နက်ကြီးထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံ ပြည်သူတွေဆီကနေ သိရပါတယ်။
အောက်တိုဘာ ၁၆ ရက် ညနေ ၅ နာရီလောက်ကစပြီး မော်တုန်းရွာအခြေစိုက် ၃၀၆ တပ်ရင်းကနေ ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်ခဲ့ပြီး အရှေ့မော်တုန်းကျေးရွာက နေအိမ်အဆောင်ပေါ် ကျရောက်ပေါက်ကွဲခဲ့တာပါ။
လက်နက်ကြီး ကျရောက်ပေါက်ကွဲပြီးနောက် နေအိမ်အတွင်းရှိ အမျိုးသားဖြစ်သူရဲ့ခေါင်းမှာ လက်နက်ကြီးထိမှန်ခဲ့ပြီး သေဆုံးခဲ့ကာ အမျိုးသမီးဖြစ်သူမှာတော့ ပခုံးမှာ ထိမှန်ခဲ့ပါတယ်။
ဒေသခံပြည်သူတဦးက “ထိတဲ့သူက မြို့ဟောင်းကုန်းကပါ။ မိန်းမက ပခုံးမှာထိတာ၊ ယောကျ်ားက ခေါင်းထိပြီး ပေါက်ထွက်တာ။ ၅ နာရီခွဲလောက်က စပစ်တာ။ ထိတာက ၇ နာရီဝန်းကျင်မှာ ထိတာပါ။ အခုတော့ ပြန်ငြိမ်နေပြီး ရွာထဲမှာ ရွာသားတွေတောင် နေမရဲတော့ဘူး” လို့ ပြောပါတယ်။
လက်နက်ကြီးအချက်ပေါင်း ၃၀ ကျော်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ည ၇ နာရီဝန်းကျင်လောက်မှာ လက်နက်ကြီးပစ်ခတ်တာ ရပ်နားခဲ့ကာ စစ်ကောင်စီရဲ့ လက်နက်ကြီးတချို့က အနောက်မော်တုန်းကျေးရွာက ကွမ်းသီးခြံဥယျာဥ်ထဲ ကျရောက်ပေါက်ကွဲခဲ့လို့ ကွမ်းပင်တွေ ထိခိုက်ပျက်စီး ဆုံးရှုံးခဲ့ရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်ကလည်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရင်းတွေကနေ လက်နက်ကြီးတွေ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ၁၀ နှစ်အရွယ် ကလေးတဦးနဲ့ အမျိုးသား ၂ ဦး လက်နက်ကြီးထိမှန်ခဲ့ပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက်ပိုင်း တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်ရင်းတွေကနေ ကျေးရွာတွေဘက်ကို အဓိက ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာတွေ ပိုလုပ်ဆောင်လာလို့ ကျေးရွာတွေရှိ ဒေသခံ ပြည်သူတွေမှာ မကြာခဏ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရ သေဆုံးသူလည်း ရှိပါတယ်။