သူတို့ဟာ အွန်လိုင်းကနေ လိမ်လည်တဲ့ဂိုဏ်းတွေမှာ ဦးဆောင်ပါဝင်နေတယ်ဆိုပြီး တရုတ်နိုင်ငံ ကူမင်းနဲ့ ဟန်ကျိုးမြို့ ပြည်သူ့လုံခြုံရေးဌာနတွေက အောက်တိုဘာ ၁၂ ရက်နေ့မှာ ဆုငွေနဲ့အတူ ဝရမ်းထုတ်ထားတာဖြစ်ပါတယ်။
‘ဝ’ပြည် ဆောက်လုပ်ရေးဝန်ကြီး ပေါက်ယန်ပန်နဲ့ ခရိုင်တရားသူကြီးဖြစ်တဲ့ ဟော်ချွင်ထင်တို့ဟာ သက်ဆိုင်ရာ တရုတ်နိုင်ငံရဲ့ ဥပဒေစည်းမျဉ်းတွေကို ချိုးဖောက်ပြီး သူတို့ရဲ့ လုပ်ရပ်တွေဟာ နိုင်ငံတကာမှာရော ဒေသတွင်းမှာပါ ကိုယ့်ရဲ့နိုင်ငံကို ကြီးကြီးမားမား ထိခိုက်စေတယ်လို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ပြီးတော့ ‘ဝ’ ပြည်နဲ့ အိမ်နီးချင်းနိုင်ငံတွေကြား နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုတွေကို ထိခိုက်စေခဲ့တယ်လို့ ဆိုပါတယ်။
ဒါကြောင့် ‘ဝ’ပြည် အစိုးရရဲ့ဂုဏ်သိက္ခာကိုပြန်လည်ထိန်းသိမ်းဖို့နဲ့ အိမ်နီးချင်းနိုင်ငံတွေနဲ့ ချစ်ကြည်ရေးကို ထိန်းသိမ်းဖို့ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို၊ အမြဲတမ်းကော်မတီက ‘ဝ’ပြည် ဆောက်လုပ်ရေးဝန်ကြီး ပေါက်ယန်ပန်ကို နိုင်ငံရေးဗျူရိုအဖွဲ့ဝင်အဖြစ်ကရော၊ ပါတီဝင်အဖြစ်ကရောနဲ့ ဆောက်လုပ်ရေးဝန်ကြီး အဖြစ်ကပါ ထုတ်ပယ်လိုက်ပါတယ်။
ခရိုင်တရားသူကြီး ဟော်ချွင်ထင်ကိုတော့ တရားသူကြီးအဖြစ်က ထုတ်ပယ်တယ်လို့ ဖော်ပြထားပါတယ်။
ထိုင်း၊ မြန်မာ၊ လာအိုနဲ့ တရုတ်တို့ ပူးပေါင်းပြီး အွန်လိုင်းလိမ်လည်တာတွေကို နှိမ်နင်းဖို့အတွက် ပြီးခဲ့တဲ့ ဩဂုတ် ၁၅ ရက်က ညှိနှိုင်းသဘောတူခဲ့ကြပြီး စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်တို့က ‘ဝ’ပြည်နယ်ရဲတပ်ဖွဲ့ကဖမ်းဆီးထားတဲ့ အွန်လိုင်းက လိမ်လည်တဲ့ တရုတ်နိုင်ငံသား ၁,၂၀၀ ကျော်ကို တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးခဲ့ပါသေးတယ်။
တရုတ် ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနကတော့ အခုအချိန်အထိ မြန်မာနိုင်ငံ မြောက်ပိုင်းကနေ အွန်လိုင်းလိမ်လည်မှုလုပ်တယ်လို့ သံသယရှိတဲ့ တရုတ်နိုင်ငံသား ၄,၆၆၆ ယောက်ကို တရုတ်နိုင်ငံဆီ လွှဲပြောင်းပေးပို့ထားတယ်လို့ ပြောပါတယ်။