ပဲခူးတိုင်း၊ ပိန်းဇလုပ်နဲ့ ညောင်လေးပင်ဘူတာကြားက ရထားလမ်း အောက်တိုဘာ ၁၇ ရက် မနက် အစောပိုင်းက မိုင်းဆွဲခံရတယ်လို့ မြန်မာ့မီးရထားထံက သိရပါတယ်။
မြန်မာ့မီးရထား တာဝန်ရှိသူ တဦးက"မိုင်းခွဲခံရလို့ အသွား အပြန် လမ်း နှစ်ခုလုံး ပျက်စီးသွားတယ်။ အခုလို ရထားလမ်းတလျှောက်လုံး လုံခြုံရေး ချထားတဲ့ ကြားက မိုင်းဆွဲခံရတာ”လို့ ပြောပါတယ်။
မိုင်းဆွဲခံရတာကြောင့် ရန်ကုန်-မန္တလေး အစုန်လမ်းအဆန် နှစ် လမ်းလုံး ပျက်စီးခဲ့ပြီး မနက် ၄ နာရီ လောက်ကစလို့ ရထားခရီးစဉ်တွေ ရပ်ဆိုင်းလိုက်တာကြောင့် ခရီးသွားတွေ လိုင်းကားတွေနဲ့ ဆက်သွားကြရတယ်လို့ ခရီးသည်တွေက ပြောပါတယ်။
လတ်တလော အစုန်၊ အဆန် ရထားတွေ ပိန်းဇလုပ်နဲ့ ကျောက်တံတားဘူတာမှာ ရပ်နားထားရသလို အခု မိုင်းခွဲခံရတဲ့နေရာဟာ အရင် ရထားမိုင်းခွဲခံရတဲ့နေရာနားမှာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်အနေနဲ့ လက်နက်နဲ့ ရိက္ခာတွေကို အများပြည်သူသုံးရထားနဲ့ သယ်ယူနေလို့ မိုင်းဆွဲခဲ့တာလို့ တော်လှန်ရေးအဖွဲ့တွေက ပြောပေမဲ့ ရထားခရီးစဉ် အခုလို ပျက်တာကြောင့် ဘူတာတိုင်းလိုလိုမှာ ရထားစီးခရီးသွားတွေကို အမှီသဟဲပြုပြီး ဝမ်းရေးဖြေရှင်း လုပ်စားနေကြရတဲ့သူတွေအနေနဲ့ စားဝတ်နေရေး အခက်တွေ့ကြရတယ်လို့ ဘူတာမှာ ဈေးရောင်းနေသူတွေက ပြောပါတယ်။