မွန်ပြည်နယ် မော်လမြိုင်လေဆိပ်နားမှာ အောက်တိုဘာ ၁၆ ရက်က ဆိုင်ကယ်တစီးနဲ့ လူ နှစ်ယောက်ထံကနေ မူးယစ်ဆေး၊ လက်နက်နဲ့ ကျည်ဆန်တချို့ ဖမ်းမိခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
မနေ့ညနေ ၃ နာရီခွဲလောက်က ဗုဒ္ဓဝင်လမ်းမနဲ့ ဒေါနလမ်းဆုံမှာ ပိတ်ဆို့စစ်ဆေးရှာဖွေချိန် လေဆိပ်ဘက်က မောင်းလာတဲ့ ဟွန်ဒါ WAVE ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရာ ဆေးခြောက်၊ K-အမှုန့်နဲ့ လက်နက်တွေကို မင်းပြည့်ဖြိုးဟန်(ခ)ပြည့်ဖြိုးဟန်(ခ)သားကြီး နဲ့ လွင်မိုးတို့ဆီက လက်ဝယ်တွေ့ရှိ သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
ရဲက ရှာဖွေစစ်ဆေးရာ မင်းပြည့်ဖြိုးဟန် ဝတ်ဆင်ထားတဲ့ ဂျင်းဘောင်းဘီအိပ်ကပ်အတွင်းကနေ SIG SAUER အမျိုးအစား အီတလီနိုင်ငံထုတ် 66A704605 နံပါတ်ပါ ၉ မမ ပစ္စတို ၁ လက်၊ ၎င်း ကျည်အိမ် ၁ ခု၊ ၉ မမကျည် ၁ တောင့်တွေ့ရှိခဲ့တာပါ။
ဒါ့အပြင်လွယ်ထားတဲ့ ဘေးလွယ်အိတ်အတွင်းကနေ ၉ မမကျည်အိမ် ၁ ခု၊ ၉ မမကျည် ၅ တောင့်၊ ၃၈ ကျည် ၆ တောင့်၊ အဖြူရောင်ပလပ်စတစ်ကပ်ခွါအိတ်ထဲမှာ ထည့်ထားတဲ့ ဆေးခြောက်လို့ ယူဆရတဲ့ အရိုးအရွက်ရောရာ ၀ ဒသမ ၅ ဂရမ်ခန့်နဲ့ အဖြူရောင် ပလပ်စတစ်ကပ်ခွာအိတ်အတွင်း ထည့်ထားသည့် K အမှုန့် ၀ ဒ ဒ မ ၅ ဂရမ်ခန့်တို့ကို သိမ်းဆည်းရမိခဲ့တာပါ။
ဆိုင်ကယ်ဘောက်ထဲကနေ မူးယစ်ဆေးဝါးသုံးစွဲရာမှာ အသုံးပြုတဲ့ ဖန်ပြွန်ဘူး ၁ ခု၊ ဆေးခြောက်ရှုရာမှာသုံးတဲ့ လက်လှည့် သတ္ထုဘူး တဘူးတို့ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ခုလို လက်နက်နဲ့ မူးယစ်ဆေးတွေ တွေ့ရှိတာနဲ့ ပတ်သက်လို့ ကျိုက်မရောမြို့နယ်၊ ခရုံဂူကျေးရွာနေ မင်းပြည့်ဖြိုးဟန်(ခ)ပြည့်ဖြိုးဟန်(ခ) သားကြီး (၂၄ နှစ်) နဲ့ မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက်၊ အောင်ဇဗ္ဗူ ရပ်ကွက် လမ်းသွယ်နေ လွင်မိုး (၂၆ နှစ်) တို့ကို သက်ဆိုင်ရာနယ်မြေရဲစခန်းက အမှုဖွင့်လှစ်ထားပါတယ်။