ချင်းပြည်နယ်မှာ ပွင့်လင်းရာသီ ရောက်လာပြီဖြစ်တဲ့အတွက် လေကြောင်းနဲ့ လက်နက်ကြီး အန္တရာယ်က ကာကွယ်နိုင်ရေး နေအိမ်မှာ ဗုံးခိုကျင်းတွေ တူးထားဖို့ CDF-မင်းတပ်က ဒေသခံတွေ ကို တိုက်တွန်းလိုက်ပါတယ်။
မင်းတပ်အခြေစိုက် ခလရ-၂၇၄ က ဟောင်ဝစ်ဇာ၊ မော်တာလက်နက်ကြီးတွေနဲ့ အနီးဝန်းကျင် ကျေးရွာတွေကို မကြာခဏပစ်ခတ်လေ့ရှိတယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် တိုက်နယ် အမှတ် (၂) အတွင်း ကျေးရွာက လူနေအိမ်တအိမ် ထိခိုက်ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်တွေလည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီး ပစ်ခတ်သံတွေကြောင့် ကျောင်းသားကျောင်းသူ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို တွေ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။
မင်းတပ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုယောမာန်က “အခု ရက်ပိုင်း နှစ်ဖက် စစ်ရေးငြိမ်နေတယ် လို့ ပြောရမယ်။ တိုက်နယ် အမှတ်-၄၊ တိုက်နယ်အမှတ် -၂ တို့ဘက်ကိုတော့ စကစဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ လုပ်ဆောင်နေတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်ကလည်း မင်းတပ်မြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ကလေး ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။