ကရင်နီ(ကယား) ပြည်နယ် ဖရူဆိုမြို့နယ် တော်ခူကျေးရွာအုပ်စုက အရေးပေါ် စစ်ဘေးရှောင်ပြည်သူ ၅၀၀ ကျော်ဟာ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
တော်ခူကျေးရွာအုပ်စုက ပလဲလယ်ရွာနဲ့ နန်းခွီးခို့ရွာက ပြည်သူတွေဟာ လေကြောင်း တိုက်ခိုက်ခံရမှုအပြီး အရေးပေါ်စစ်ဘေးရှောင်ခဲ့ရတာ ၁၀ ရက်ကျော်ရှိပြီး စားနပ်ရိက္ခာနဲ့ အမိုးအကာ လိုအပ်ချက်တယ်တွေ ရှိနေပါတယ်။
ပလဲလယ်ရွာနဲ့ နန်းခွီးခို့ရွာဟာ တိုက်ပွဲဖြစ်ပွားရာနေရာတွေနဲ့ အလှမ်းဝေးပေမဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ နေ့စဉ် ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေ လုပ်နေတဲ့အတွက် နေရပ်ပြန်ဖို့လည်း အခက်အခဲတွေ ရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်က တော်ခူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်က ပထမဆုံး လေကြောင်းတိုက်ခိုက်မှု ပြုလုပ်တဲ့အတွက် ဒေသခံတွေ တိမ်းရှောင်ခဲ့ရပြီး စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဘေးရှောင်ကူညီသူတဦးက “အလိုအပ်ဆုံးကတော့ စားနပ်ရိက္ခာနဲ့ အမိုးအကာပေါ့။ အရေးပေါ် ရှောင်ကြတာဆိုတော့ တောတောင်တွေမှာ ဖြစ်သလို နေကြရတယ်။ လက်နက်ကြီး အန္တရာယ်ကလည်းရှိတော့ သူတို့ အိမ်မပြန်ရဲသေးဘူး” လို့ ပြောပါတယ်။
ဖရူဆို-ဘော်လခဲ လမ်းတလျှောက်ကိုလည်း စစ်ကောင်စီတပ်က အခုရက်ပိုင်း ထိုးစစ်ဆင်နေတာကြောင့် စစ်ကြောင်းနဲ့ နီးစပ်ရာနေရာက ပြည်သူတွေ စစ်ဘေးရှောင်နေကြရတယ်လို့ သိရပါတယ်။