ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ငရီချိုင်ကျေးရွာမှာ အောက်တိုဘာ ၁၄ ရက်နေ့က မသန်စွမ်းအမျိုးသမီးတဦး အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ဒေသတာဝန်ရှိသူတွေက ပြောပါတယ်။
ပြုကျင့်ခံရသူ အမျိုးသမီးဟာ အသက် ၂၈ နှစ်အရွယ်ရှိ ခန္ဓာကိုယ်အောက်ပိုင်း မသန်စွမ်းသူဖြစ်ပြီး နေအိမ်အတွင်း အိပ်နေစဉ် ည ၈ နာရီလောက်မှာ တရွာတည်းနေ အမျိုးသားတဦးက လာရောက်အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ ကျေးရွာတာဝန်ရှိသူတဦးက ပြောပါတယ်။
“သူ့အိမ်မှာနေရင်း ခုလို ပြုကျင့်ခံရတာပါ။ ကျူးလွန်သူကလည်း ဒီရွာမှာနေတဲ့သူပါပဲ။ အမျိုးသမီးကတော့ မသန်စွမ်းဖြစ်နေတာ။ ကလေးမွေးပြီးနောက်ပိုင်း ခန္တာကိုယ်အောက်ပိုင်း သေသွားတာ။ သူ့အမျိုးသားကလည်း ထားသွားတာ သိပ်မကြာသေးဘူး။”
ကျူးလွန်သူကတော့ အသက် ၄၀ ကျော်အရွယ်ရှိ အမျိုးသားတဦးဖြစ်ပြီး သူဟာ လက်ရှိ ငရီချိုင်ကျေးရွာတွင်း နေထိုင်နေသူဖြစ်ပေမဲ့ သူ့ဇာတိကတော့ ပေါက်တောမြို့နယ် ဖဒူကျေးရွာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ကျူးလွန်သူဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပါဘူး။ လက်ရှိမှာတော့ ကျူးလွန်သူအမျိုးသားကို ရက္ခိုင့်တပ်တော်ကနေ အောက်တိုဘာ ၁၅ ရက် ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီဖြစ်တယ်လို့ ငရီချိုင်ကျေးရွာသားတဦးက ဆိုပါတယ်။
ရခိုင်မှာ ၁ လကျော်အတွင်း သက်ငယ်မုဒိမ်းမှု ၂ ကြိမ်နဲ့ အဓမ္မပြုကျင့်ခံရပြီး သတ်ဖြတ်ခံရမှု ၁ ကြိမ် ဖြစ်ပွားခဲ့ကာ လက်ရှိ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၆ ရက်နေ့အထိဆိုရင် သက်ငယ်မုဒိမ်းမှု ၄ ကြိမ်နဲ့ သတ်ဖြတ်ခံရမှု၊ အဓမ္မပြုကျင့်ခံရပြီး အသတ်ခံရမှု ၂ ကြိမ်အထိ ဖြစ်ပွားခဲ့ကာ ဖြစ်ပွားခဲ့တဲ့ မြို့နယ်တွေကတော့ ပေါက်တောအပါအဝင် ရသေ့တောင်၊ မြောက်ဦးနဲ့ စစ်တွေ မြို့နယ်တွေပဲ ဖြစ်ပါတယ်။
ရခိုင်မှာ မုဒိမ်းမှု များပြားလာတာနဲ့ပတ်သက်လို့ ရခိုင်က အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူတွေက ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေအပြင် လိင်အသိပညာပေးမှုတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ လိုအပ်လာတယ်လို့လည်း ထောက်ပြ ပြောဆိုထားကြပါတယ်။