ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန့်ပါနဲ့ ကံဆီးဒေသအထက်ဘက်က ကေအိုင်အေ တပ်မဟာ (၉) နယ်မြေထဲကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အောက်တိုဘာ ၁၆ ရက်၊ ညနေ ၆ နာရီကျော်လောက်မှာ ဗုံးကြဲခဲ့တာဖြစ်ပြီး အခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက ဒီဗွီဘီကို ပြောပါတယ်။
“အနန့်ပါရယ်၊ ကျနော်တို့ရဲ့ တပ်မဟာ (၉) တပ်စခန်းကုန်းတွေမှာလည်း ဗုံးကြဲတာတွေရှိတယ်။ နောက် ဖားကန့်ဘက်မယ် လက်နက်ကြီးနဲ့ ပစ်တာတွေလည်းရှိပါတယ်။”
ဒီတိုက်ခိုက်မှုကြောင့် အနန့်ပါကျေးရွာအနီးနဲ့ ကျေးရွာဈေးပတ်ဝန်းကျင်ကို ဗုံးကျရောက် ပေါက်ကွဲမှုတွေရှိခဲ့တယ်လို့ ဒေသအခြေစိုက်မီဒီယာတချို့က ရေးသားကြပါတယ်။
ပြီးခဲ့တဲ့ ၄ ရက်လောက်က ဖားကန့်ဘက်ကနေ ဆင်းလာတဲ့စစ်ကြောင်းကို KIA တပ်ရင်း ၄၄ က တိုက်ခိုက်လို့ စစ်တပ်ဘက်က အကြီးပိုင်းတွေ အထိအခိုက်ရှိခဲ့တဲ့ သတင်းကြားရတာကြောင့် လက်တုံ့ပြန်တဲ့အနေနဲ့ အခုလိုတိုက်ခိုက်တာလို့ ဗိုလ်မှူးကြီးနော်ဘူက သုံးသပ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၃ ရက်ကလည်း KIO/KIA ဖွဲ့စည်းတည်ထောင်ခြင်း ၆၂ နှစ်မြောက် အထိမ်းအမှတ် ဂီတဖျော်ဖြေပွဲကျင်းပချိန် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံကြဲတိုက်ခိုက်တာကြောင့် KIA အရာရှိတချို့အပါအဝင် ဒေသခံအရပ်သား ၁၀၀ ဝန်းကျင်သေဆုံးခဲ့ရပါတယ်။
အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ် ၁ နှစ်ပြည့်ဖို့ တပတ်အလိုမှာပဲ အခုနောက်တကြိမ် တိုက်ခိုက်ခံရတာဖြစ်ပြီး ထိခိုက်သေဆုံးမှု နောက်ဆက်တွဲအခြေအနေကို ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။