ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံ၊ အီလီနွိုက်စ်ပြည်နယ်မှာ မွတ်စလင်ဆန့်ကျင်ရေး အမျိုးသားတဦးရဲ့ ဓားနဲ့တိုက်ခိုက်မှုကြောင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တဦး သေဆုံးကာ မိခင်ဖြစ်သူ ဒဏ်ရာရရှိခဲ့ပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်ကြား စစ်ပွဲအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဘာသာရေးကို အခြေခံပြီး ပစ်မှတ်ထားတိုက်ခိုက်မှု ဖြစ်တယ်လို့ မွတ်စလင်အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေနဲ့ တာဝန်ရှိသူတွေက အောက်တိုဘာ ၁၅ ရက်မှာ ပြောကြားပါတယ်။
အသက် ၇၁ နှစ်အရွယ် သံသယရှိသူ ဂျိုးဆက်ပ် ရှူးဘားကို ရည်ရွယ်ချက်ရှိစွာ လူသတ်မှု၊ လူသတ်ရန်ကြိုးပမ်းမှု၊ အမုန်းတရား ရာဇဝတ်မှု ၂ ခုနဲ့ ရုပ်ပိုင်းဆိုင်ရာအရ သေစေနိုင်လောက်တဲ့ လက်နက်တခုနဲ့ တိုက်ခိုက်မှု စတဲ့ အမှုတွေနဲ့ တရားစွဲဆိုထားတယ်လို့ ရဲတပ်ဖွဲ့ရုံးက အတည်ပြုပါတယ်။
ချီကာဂိုမြို့ရဲ့ အနောက်တောင်ဘက် မိုင် ၄၀ အကွာက ပလိန်းဖီးလ်မြို့နယ်မှာ ဝယ်ဒီရာ အယ်လ် ဖေယူမီ အမည်ရ အသက် ၆ နှစ်အရွယ် ယောကျ်ားလေးကို ၇ လက်မရှိတဲ့ လွှသွားပုံစံ စစ်တပ်သုံးဓားနဲ့ ၂၆ ကြိမ်တိုင်တိုင် ထိုးသတ်ခဲ့တာလို့ ဝီလ်ကောင်တီ ရဲအရာရှိရုံးက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၁၄ ရက်မှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ခိုက်မှုအတွင်း ဟန်နန်း ရှန်းနင် အမည်ရ အသက် ၃၂ နှစ်အရွယ် မိခင်ဖြစ်သူကတော့ ဓားဒဏ်ရာများစွာ ရရှိခဲ့ပေမဲ့ အသက်ရှင် ကျန်ရစ်နိုင်တယ်လို့ မျှော်လင့် ကြပါတယ်။
တရားစွဲခံနေရတဲ့ ရှူးဘားက ဓားထိုးမှုနဲ့ ပတ်သက်ပြီး ရဲတွေကိုတစုံတရာ ထွက်ဆိုချက် ပေးတာမျိုး မရှိပါဘူး။ အင်တာဗျူးတွေနဲ့အတူ သက်သေတွေကတဆင့် တရားစွဲဆိုမှုပြုလုပ်ဖို့ ဆုံးဖြတ်ထားတယ်ဆိုပြီး ရဲတပ်ဖွဲ့က မှတ်ချက်ပေးပါတယ်။
Source/Photo-Reuters