ချင်းပြည်နယ်၊ တီးတိန်မြို့နယ်နဲ့ တွန်းဇံမြို့နယ်မှာ အခြေစိုက် ဖွဲ့စည်းထားတဲ့ ဇိုမီးဖက်ဒရယ်ကောင်စီရဲ့ လက်အောက်ခံဌာနတွေက တီးတိန်မြို့နယ်မှာ ကင်းလှည့် စည်းရုံးရေးဆင်းခဲ့တယ်လို့ PDF Zoland ထံက သိရပါတယ်။
အောက်တိုဘာ ၁၂ ရက်ကစပြီး အောက်တိုဘာ ၁၅ ရက်အထိ တီးတိန်မြို့နယ် ကျေးရွာ ၁၀ ရွာက ဒေသခံတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။
ဇိုမီးဖက်ဒရယ်ကောင်စီက ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေးဌာန စတဲ့ ပေါင်းစုံက တာဝန်ရှိသူတွေဟာ ဒေသခံကျေးရွာနေလူထုနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ဇိုမီးဖက်ဒရယ်ကောင်စီရဲ့ ကာကွယ်ရေးဌာနဖြစ်တဲ့ PDF-Zoland(ဇိုလန်) က တီးတိန်မြို့ထဲမှာ ၄၀ ရာခိုင်နှုန်းနဲ့ ကျေးလက်ဒေသရဲ့ ၉၀ ရာခိုင်နှုန်းကို နယ်မြေစိုးမိုးထားနိုင်ပြီလို့ သိရပါတယ်။
PDF-Zoland တာဝန်ရှိသူက “မြန်မာတနိုင်ငံလုံး အုံကြွပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမယ် ဆိုရင်တော့ ကျနော်တို့က အဆင်သင့်ဖြစ်နေပြီ။ တီးတိန်မြို့နယ်ရဲ့ ၃ ပုံ၊ ၂ ပုံလောက် စိုးမိုးထားနိုင်ပြီ” လို့ ပြောပါတယ်။
PDF-Zoland အနေနဲ့ ဇိုမီးနယ်မြေထဲက Non-CDM ဝန်ထမ်းတွေကို အလင်းဝင်ဖို့ တောင်းဆိုထားပြီး ဖမ်းမိခဲ့ရင်တော့ ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ သိရပါတယ်။