အမေရိကန်နိုင်ငံရဲ့ စစ်ရေးအကူအညီနဲ့ အရပ်သားတွေအပေါ် အကာအကွယ်ပေးနိုင်ရေး ကြိုးပမ်းချက်နဲ့ ပတ်သက်ပြီး သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ယာဟုနဲ့ ဆွေးနွေးခဲ့တယ်လို့ အောက်တိုဘာ ၁၅ ရက်က X လူမှုကွန်ရက်ပေါ် ပို့စ်တင်ခဲ့ပါတယ်။
ဒီအကြောင်းအရာ နှစ်ခုစလုံးရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး ဘိုင်ဒင်က နေတန်ယာဟုကို အသိပေးခဲ့တယ်လို့ အဲ့ဒီပို့စ်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပါလက်စတိုင်း ပြည်သူတွေရဲ့ ဆန္ဒအပေါ်မှာ ကိုယ်စားပြုမှုမရှိတဲ့ “အကြမ်းဖက်အဖွဲ့အစည်း” တခုအဖြစ် ဟားမတ်စ်အဖွဲ့ကို နိုင်ငံအားလုံးအနေနဲ့ ပြစ်တင်ရှုတ်ချကြဖို့ ဘိုင်ဒင်က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဂါဇာဒေသအတွက် လူသားချင်းစာနာမှု အကူအညီပေးရေး ကိစ္စရပ်နဲ့ပတ်သက်ပြီး ပါလက်စတိုင်းနိုင်ငံရဲ့ အာဏာပိုင်သမ္မတဖြစ်သူ မာမွတ် အားဘတ်စ်နဲ့ပါ ဘိုင်ဒင်က စကားပြောဆိုခဲ့ကြောင်း အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
အစ္စရေးနဲ့ ယူကရိန်းအတွက် ဒေါ်လာ ၂ ဘီလီယံထက် ပိုမိုများပြားတဲ့ လက်နက်ထောက်ပံ့ပေးရေး အစီအစဉ်အသစ်တရပ်ကို အစိုးရအနေနဲ့ လွှတ်တော်ကတဆင့် တွန်းအားပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ခ် ဆူလီဗန်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကြေညာခဲ့ပါတယ်။
Source/Photo-Reuters