ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ ခုသီတင်းပတ်အတွင်း တရုတ်နိုင်ငံမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့ပြီး အမေရိကန်ရဲ့ အကြီးမားဆုံး ဗျူဟာမြောက် ပြိုင်ဘက်နှစ်နိုင်ငံကြား မိတ်ဘက်ဆက်ဆံရေးကို နက်ရှိုင်းအောင် လုပ်ဆောင်ရေး ကြိုးပမ်းဖို့ ရှိနေပါတယ်။
ပူတင်ဟာ ပေကျင်းမြို့တော်မှာ အောက်တိုဘာ ၁၇ ကနေ ၁၈ ရက်အထိ ကျင်းပမယ့် ခါးပတ်တကွင်း လမ်းတစင်း ဖိုရမ်ကို တက်မှာပါ။
ယူကရိန်းနိုင်ငံက ကလေးတွေကို နှင်ထုတ်တဲ့ စွဲချက်နဲ့ မတ်လတုန်းက နယ်သာလန်နိုင်ငံ သဟိတ်ဂ်မြို့ အခြေစိုက် နိုင်ငံတကာရာဇဝတ်ခုံရုံးက ပူတင်ကို ဖမ်းဝရမ်းထုတ်ပြီးတဲ့နောက် ပထမဆုံးသော ဆိုဗီယက်ပြည်ထောင်စုပြင်ပ ခရီးစဉ် ဖြစ်လာပါတယ်။
ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အသေအပျောက်အများဆုံး မြေပြင်တိုက်ပွဲဖြစ်လာတဲ့ ယူကရိန်းအတွက် အထူးစစ်ဆင်ရေး ဆင်နွှဲဖို့ ထောင်သောင်းချီတဲ့ ရုရှားတပ်တွေကို မလွှတ်ခင် ရက်ပိုင်းအလို ၂၀၂၂ ဖေဖော်ဝါရီမှာ ပူတင်ဟာ တရုတ်မြို့တော် ပေကျင်းကို သွားရောက်လည်ပတ်ပြီး တရုတ်နဲ့ ရုရှားဟာ ကန့်သတ်မဲ့ မိတ်ဘက်အဖြစ် ကြေညာခဲ့ကြပါတယ်။
အမေရိကန်ပြည်ထောင်စုက တရုတ်နိုင်ငံကို သူ့ရဲ့ အကြီးမားဆုံးပြိုင်ဘက်အဖြစ် သတ်မှတ်ပြီး ရုရှားကိုတော့ သူ့ရဲ့ အကြီးမားဆုံး နိုင်ငံတော် ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ထားတာပါ။
ဒီရာစုနှစ်ဟာ ဒီမိုကရေစီနဲ့ သက်ဦးဆံပိုင် အာဏာရှင်နိုင်ငံတွေကြား ဖြစ်တည်မှုဆိုင်ရာ ပြိုင်ဆိုင်မှုတခုအဖြစ် သတ်မှတ်ခံရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ရည်ညွှန်း ပြောပါတယ်။
Source/Photo-Reuters