နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဗုဒ္ဓဂါယာအနီး ရွှေကျွန်းတော်ကျေးရွာမှာ အောက်တိုဘာ ၁၄ ရက် မနက်ပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ ရုတ်တရက်ကျလာတာကြောင့် ချောင်းရိုးအတွင်း အိမ်ဆောက်ပြီး နေထိုင်တဲ့ နေအိမ် ၂ လုံး မျောပါပြီး သားအမိ ၂ ဦးလည်း ရေစီးနဲ့ပါသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံ လူမှုအဖွဲ့အစည်းတွေက သားအမိ ၂ ဦးကို လိုက်လံရှာဖွေရာ အောက်တိုဘာ ၁၅ ရက်က ပုဇွန်ဆိပ်အင်းကျေးရွာ တံတားအနီးမှာ အသက် ၃၀ ကျော် မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီး အသက် ၁၀ နှစ်ကျော် သမီးဖြစ်သူရဲ့ ရုပ်အလောင်းကို ပုဇွန်ဆိပ်အင်းကျေးရွာအနီးမှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။
ကူညီပေးခဲ့တဲ့ ပရဟိတသမားတဦးက “မိုးသည်းထန်စွာရွာပြီး တောင်ကျရေတက်တော့ အိမ် ၂ လုံး မျောပါသွားတာ။ အိမ် ၂ လုံးထဲမှာ သားအမိ ၂ ဦးပါပြီး ရေမွန်းပြီး သေဆုံးသွားတာပါ။ ရွာမှာက အိမ်ခြေ ၁၅၀ လောက်ရှိပေမဲ့ အိမ် ၂ လုံးပဲ ပါသွားတာ။ ကျန်တာတော့ ထိခိုက်မှုမရှိပါဘူး။ ခုထိတော့ ရေကြီးတာတွေ ဘာတွေလည်း မရှိသလို မိုးလည်းတိတ်နေပါပြီ” လို့ ပြောပါတယ်။
သေဆုံးသွားတဲ့ သားအမိနှစ်ဦးကို နေပြည်တော် ခုတင် ၃၀၀ ရင်ခွဲရုံကို ကရုဏာရှင် လူမှုကူညီရေးအသင်းက ပို့ဆောင်ပေးခဲ့ပါတယ်။
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပုဇွန်ဆိပ်ကျေးရွာနဲ့ ကျွန်းတော်ကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေကျပြီး ရေဝင်မှုရှိခဲ့ပေမဲ့ အခု ရေပြန်ကျသွားပြီလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။