တရုတ်-မြန်မာနယ်စပ်ဒေသမှာ အခြေစိုက်ပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေမယ့် လုပ်ဆောင်ချက်တွေကို လက်သင့်မခံဘူးလို့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၁၅ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွင်းနဲ့ နေပြည်တော်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌရုံးမှာတွေ့ဆုံစဉ် ပြောကြားခဲ့တာလို့ စစ်တပ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။
ဒီလိုတွေ့ဆုံရာမှာ စစ်ခေါင်းဆောင်က မြန်မာနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ နယ်စပ်ဒေသ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်သွားမယ့် အကြောင်း၊ မြန်မာနိုင်ငံနယ်စပ်ဒေသ အခြေပြုပြီး တရုတ်အကျိုးစီးပွားကိုထိခိုက်စေမယ့် လုပ်ဆောင်ချက် တွေကို လက်သင့်ခံမှုမရှိကြောင်း၊ အွန်လိုင်းလောင်းကစားမှုနဲ့ အွန်လိုင်းလိမ်လည်မှုတွေ ပပျောက်စေရေးနဲ့ နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းဟာ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ၈ နှစ်မြောက် အခမ်းအနားမှာလည်းတက်ရောက်ခဲ့ပါတယ်။
အခမ်းအနားမှာ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံ ယုံကြည်အားကိုးရတဲ့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်း ဖြစ်တယ်လို့ မစ္စတာတိန့်ရှီကျွင်းက ပြောကြားလိုက်ပါတယ်။
“တရုတ်နိုင်ငံမှာ ‘ငြိမ်းချမ်းသင့်မြတ် မှုသည် …. အဖိုးတန်သည်’ဆိုတဲ့ ရှေးဟောင်းဆိုရိုးစကား တစ်ခွန်းရှိပါတယ်။ မြန်မာနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုင်းရင်းသားပြည်သူတွေ သာယာချမ်းမြေ့ရေးအတွက် ငြိမ်းချမ်းရေးလိုအပ်ပါတယ်။ ငြိမ်းချမ်းရေးဟာ မြန်မာပြည်တွေ မျှော်လင့်တောင့်တရာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံပြည်သူတွေရဲ့အရင်းခံ အကျိုးစီးပွားနဲ့ ကိုက်ညီပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ခိုင်မာစွာ ထောက်ခံအားပေးပါတယ်။”
NCA ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ အရေးပါမှတ်တိုင်တစ်ခုဖြစ်တယ်၊ ငြိမ်းချမ်းရေးဆွေးနွေးခြင်းကနေတဆင့် အပြန်အလှန်ယုံကြည်မှုတွေ အဆက်မပြတ်တိုလားပြီး နောက်ဆုံး ထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ မျှော်လင့်တယ်လို့လည်း ပြောပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ ယုံကြည်ရတဲ့ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် အဖြစ် ဆက်လက်ဆောင်ရွက်ပြီး နှစ်ဦး နှစ်ဖက်ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးကို တိုးမြှင့်သွားလိုတဲ့အပြင် “Belt and Road” စီမံကိန်းအတူတကွတည်ဆောက်ရေးကိုလည်း အရှိန်မြှင့်တင်ပြီး တရုတ်- မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းဖြစ်လာဖို့ ဆောင်ရွက်သွားတယ်လို့ လည်းပြောပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကိုယ့်နိုင်ငံအခြေခံအနေနဲ့ ကိုက်ညီတဲ့ ထူးခြားချက်ရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကိုစူးစမ်းရှာဖွေဖို့၊ နိုင်ငံတကာမျက်နှာစာမှာ မြန်မာနိုင်ငံက တရားဝင်အခွင့်အရေး အကျိုးစီးပွားနဲ့ အမျိုးသားဂုဏ်သိက္ခာကို ကာကွယ်စောင့်ရှောက်တာကို တရုတ်နိုင်ငံက ထောက်ခံအားပေးတယ်လို့လည်းဆိုပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း မြန်မာနိုင်ငံ အချုပ်အခြာအာဏာကို အပြည့်အဝလေးစားပြီး မြန်မာနိုင်ငံက နိုင်ငံရေးအသွင်ကူးပြောင်းမှုနဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားသင့်မြတ်ရေး ဖော်ဆောင်ရေး အပြုသဘောဆောင် ကူညီသွားဖို့လည်း တရုတ်ကိုယ်စားလှယ်က ပြောသွားပါတယ်။
PHOTO-DSINFO