ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ် ၁၄၇ ရပ်ကွက် လှော်ကားလမ်းဘေး ပျိုမေအိမ်ရာအနီးမှာ ပိတ်ဆို့စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ် ဒီနေ့ နေ့လယ် ၂ နာရီခွဲက ဗုံးခွဲတိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရသူတွေရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ ၁၄၇ ရပ်ကွက် လှော်ကားကားလမ်းဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ်တစီးကို စစ်ဆေးရာမှ ဗုံးပေါက်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာသူတွေရှိတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
"ဗုံးပေါက်တာ အတော်ပြင်းတာ ဆိုင်ကယ်တောင် တစစီ ဖြစ်ကုန်တယ်။ စစ်သားတွေရော ရဲတွေရော ဒဏ်ရာရတယ် သေတယ်လို့တော့ မကြားဘူး။"
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်နဲ့ ရဲတွေဟာ လှော်ကားလမ်းမပေါ်မှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေမဲ့ ညပိုင်း ဧည့်စာရင်းစစ်ဆေးပြီး လူငယ်တွေကို ဖမ်းဆီးမှာ ရပ်ကွက်နေသူတွေက စိတ်ပူနေတယ်လို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။
"မနှစ်ကလည်း လှော်ကားလမ်းမှာပဲ ဘေးတွဲမှာ လက်လုပ်ဗုံးတွေ့လို့ စစ်တပ်နဲ့ရဲတွေက ရပ်ကွက်ထဲက NLD ပါတီဝင်တွေနဲ့ လူငယ်တွေကို ရိုက်နှက်ပြီး စစ်ဆေးတယ်။ အခုလည်း အဲ့လိုဖြစ်မှာကို ရပ်ကွက်ထဲက လူတွေကစိုးရိမ်နေတယ်။"
တောင်ဒဂုံမြို့နယ် ကျည်စုကျေးရွာအနီး လှော်ကားလမ်းမှာ စစ်ဆေးရေး လုပ်နေတဲ့ အကြမ်းဖက်စစ်တပ်ကို ဆိုင်ကယ်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ ၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကျီးကန်း (Crow Squad) အဖွဲ့က လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
၂၀၂၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်က တောင်ဒဂုံမြို့နယ် ၁၄၇ ရပ်ကွက် လှော်ကားလမ်းမပေါ်ရှိ ဆိုက်ကားတွဲယာဉ်ပေါ်မှာ မပေါက်သေးတဲ့ လက်လုပ်ဗုံးတွေ့လို့ လူငယ်အချို့ကို စစ်ကောင်စီတပ်က ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ ဖြစ်စဥ်လည်း ရှိပါတယ်။