စစ်ကိုင်တိုင်း၊ ကနီမြို့နယ်မှာ မိုးကြီးရေလျှံလို့ လူနေအိမ်တွေနဲ့ တံတားပျက်စီးပြီး မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှာလည်း ရာဘာခြံလုပ်သား သားအမိ ၂ ယောက် ရေနစ် သေဆုံးခဲ့ပါတယ်။
ကနီမြို့နယ်မှာ၊ အောက်တိုဘာ ၁၂ ရက်ညပိုင်းကတည်းက မိုးသည်းသည်းထန်ထန် ရွာပြီး ရေကြီးလို့ လူနေအိမ် ၈ လုံး မျောပါပျက်စီးခဲ့ပြီး တံတားတစင်းလည်း ပျက်စီးခဲ့သလို လူတယောက်လည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။
ကနီမြို့နယ်ရှိ အမှတ် ၁ ရပ်ကွက်၊ အမှတ် ၂ ရပ်ကွက်နဲ့ အမှတ် ၃ရပ်ကွက်တို့က အနိမ့်ပိုင်းနေရာတွေကို အောက်တိုဘာ ၁၂ ရက်နေ့ ညပိုင်းကပဲ ရေဝင်ရောက်ခဲ့ပြီး ဒီနေ့ အောက်တိုဘာ ၁၅ ရက်နေ့အထိ ရေပြန်မကျသေးဘူးလို့ ဒေသခံ လူမှုကူညီရေး အဖွဲ့ဝင်တယောက်က ပြောပါတယ်။
“မိုးအရမ်းရွာလို့ ချောင်းရေတိုက်စားသွားပြီး အမှတ် ၁ ရပ်ကွက်မှာ အိမ် ၃ လုံး မျောသွားပြီး ၄ လုံး ပြိုကျသွားတယ်။ နောက်ပြီး သစ်သားတံတားတစင်းနဲ့ ရေကျော် ကွန်ကရစ်တံတား အသေးတခု ပျက်စီးသွားပါတယ်။ အမှတ် ၃ ရပ်ကွက်မှာတော့ အိမ် ၁ လုံး၊ မြို့ဟောင်းလမ်း တံတားတစင်းနဲ့ ကတ္တရာလမ်း ပျက်စီးခဲ့ပါတယ်။ အခုတော့ မိုးရွာသွန်းမှု မရှိတော့ပေမယ့် ရေတွေကတော့ ရှိနေတုန်းပါပဲ” လို့ ပြောပါတယ်။
နေအိမ်ပြိုလို့ အမျိုးသားတယောက် ညာခြေထောက် ပေါင်ကျိုးခဲ့သလို နေအိမ်ပြိုကျ ပျက်စီးခဲ့တဲ့ လူ ၃၀ ကျော်ကိုလည်း ရွှေ့ပြောင်းပေးခဲ့ရတယ်လို့ သူကဆက်ပြောပါတယ်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဝငဲ့ကျေးရွာက ရော်ဘာခြံတခြံရဲ့ ရွှေ့ပြောင်းလုပ်သား သားအမိ ၂ ယောက်ဟာ အောက်တိုဘာ ၁၄ ရက်နေ့ မနက်ပိုင်းက ကန်စွန်းရွက်သွားခူးရင်း ရေနစ်သေဆုံးခဲ့ပါတယ်။
အသက် ၈ နှစ်အရွယ် သားဖြစ်သူနဲ့ ၄၈ နှစ်အရွယ် မိခင်တို့ဟာ အလုပ်နားတာကြောင့် ခြံနားမှာရှိတဲ့ ရေကန်မှာ ကန်စွန်းရွက်သွားခူးရင်း ပြန်မလာလို့ မိသားစုဝင်တွေက လိုက်ရှာတဲ့အခါ ရေကန်ဘေးမှာ သူတို့ရဲ့ ဖိနပ်တွေတွေ့လို့ ရေငုပ်ရှာဖွေခဲ့တာပါ။
အဲဒီမှာ ရေနစ်သေဆုံးနေတာကိုတွေ့ရပြီး သူတို့အလောင်းတွေကို ဝငဲ့ကျေးရွာကနေ စက်လှေနဲ့ ကျိုက်မရောမြို့၊ စပယ်ဂူ စက်လှေဆိပ်ကိုပို့ပြီး အဲဒီကနေ ကျိုက်မရောဆေးရုံ ရင်ခွဲရုံဆီကို ဖြူစင်နှလုံးသား လူငယ်ပရဟိတအဖွဲ့နဲ့ အောင်သုခ လူမှုကူညီရေး အသင်းတို့က ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။