Home
မြန်မာသတင်း
တပ်မတော်ကို မုန်းတီးလို့ပေါ်လာသည့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ မရှိသေးဟု စစ်ခေါင်းဆောင်ပြော
DVB
·
October 15, 2023
NCA_MAahla_15102023

မြန်မာနိုင်ငံမှာ အင်္ဂလိပ်နယ်ချဲ့တွေနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သွေးထိုးလှုံ့ဆော်၊ သွေးခွဲမှုတွေ ကြောင့်သာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပေါ်လာတာရှိပြီး တပ်မတော်ကိုမုန်းတီးလို့ လက်နက်ကိုင်တော်လှန်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ယနေ့အထိ မရှိသေးဘူးလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောပါတယ်။

အောက်တိုဘာ ၁၅ ရက် ဒီနေ့မနက်က နေပြည်တော်မှာ ပြုလုပ်တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) ၈ နှစ်ပြည့် အခမ်းအနားမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

နယ်ချဲ့အင်္ဂလိပ်တွေက မြန်မာနိုင်ငံကို အရှည်သဖြင့် ကျွန်ပြုဖို့ တောင်ပေါ်မြေပြန့် နှစ်ပေါင်း ၁၀၀ ကျော် သွေးခွဲအုပ်ချုပ်ခဲ့တာကြောင့် တိုင်းရင်းသားအချင်းချင်း သူစိမ်းတွေလိုဖြစ်ခဲ့ကြပြီး ယုံကြည်မှုတွေလျော့နည်းခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးချိန်မှာလည်း နိုင်ငံရေးပါတီတွေရဲ့ အာဏာလွန်ဆွဲမှုတွေ ပြင်းထန်ရာကနေ ဗမာပြည်ကွန်မြူနစ်ပါတီဟာ နိုင်ငံရေးသဘော ထားကွဲလွဲမှုကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့တာကစပြီး ပြည်တွင်းစစ်မီးစတင်ခဲ့တာ လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

“ရိုးသားတဲ့တိုင်းရင်းသားတွေအပေါ်မှာ နယ်ချဲ့တို့ရဲ့ နှစ်ပေါင်းများစွာ သွေးခွဲမှုနဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လူမျိုးစုလွတ်မြောက်ရေးဆိုတဲ့ သွေးထိုးမှုတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တစတစပေါ်ပေါက်လာခဲ့ရတာရှိ ပါတယ်။ တပ်မတော်ကို မုန်းတီးလို့ ပေါ်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ယနေ့ထိ မရှိပါဘူး။ နိုင်ငံရေးအယူအဆကွဲလွဲမှုတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ရကနေ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေခြင်းသာဖြစ်ပါတယ်။”

လက်ရှိ နိုင်ငံမှာဖြစ်ပွားနေတဲ့ အခြေအနေတွေကို သုံးသပ်ကြည့်မယ်ဆိုရင်လည်း လွတ်လပ်ရေးရပြီးကာစ လက်နက်ကိုင်ပဋိပက္ခတွေဖြစ်ခဲ့တဲ့အခြေအနေမျိုး ဖြစ်နေတယ်လို့လည်း ပြောပါတယ်။

“ဒီမိုကရေစီအရေးကို ဆောင်ရွက်နေပါတယ်ဆိုသူတွေကိုယ်တိုင် မဲမသမာမှုတွေဆောင်ရွက်ခဲ့ပြီး ဥပဒေနဲ့အညီ ဒီမိုကရေစီနည်းလမ်းကျ ဖြေရှင်းခဲ့တာမရှိဘဲ လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ် ” လို့ အာဏာသိမ်းစစ် ခေါင်းဆောင်က ဆိုပါတယ်။

ဒါအပြင် ဒီမိုကရေစီစနစ်ကို ကာကွယ်ကျင့်သုံးနေပါတယ်ဆိုတဲ့ ပြည်ပနိုင်ငံတချို့ကလည်း ဒီမိုကရေစီစနစ်နဲ့ဆန့်ကျင် ဘက်ဖြစ်တဲ့ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုတွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အားပေးနေတာတွေ၊ မြှောက်ထိုးပင့်ကော်လုပ်နေတာ တွေ့ရပေမဲ့ အာဏာသိမ်းစစ်ကောင်စီအနေနဲ့ ပြည်သူ့ဆန္ဒဖြစ်တဲ့ စစ်မှန်စည်းကမ်း ပြည့်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်လျှောက်လမ်းသွားမယ်လို့ ပြောပါတယ်။

စစ်ကောင်စီဟာ တဖက်မှာ ငြိမ်းချမ်းရေးစကားပြောနေပေမဲ့ တဖက်မှာ တိုင်းရင်းသား ဒေသတွေအပါအဝင် နိုင်ငံအနှံ့အပြား အကြမ်းဖက်ဖမ်းဆီးပစ်ခတ်သတ်ဖြတ်မှုတွေ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

Photo-DSINFO

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024