
စစ်ကိုင်းတိုင်း၊ တန့်ဆည်နဲ့ ကန့်ဘလူကို ဆက်သွယ်ထားတဲ့တံတား ပျက်စီး သွားတာကြောင့် ဒေသခံတွေအခက်အခဲကြုံနေရပြီး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံနဲ့ မိုးဗြဲတို့မှာ ဘီးလူးချောင်းရေလျှံတာကြောင့် မြို့ပေါ်ရပ်ကွက်တချို့နဲ့ စစ်ဘေးရှောင်တွေ ဘေးလွတ်ရာရွှေ့ပြောင်းနေရပါတယ်။
တန့်ဆည်မြို့နယ်မြောက်ပိုင်းက ပေါင်ကဒေါင်တံတားဟာ အောက်တိုဘာ ၁၂ ရက်နေ့ ညက မိုးသည်းသည်းထန်ထန်ရွာပြီး ချောင်းရေတက်တာကြောင့် ပေ ၃၀ လောက် ပျက်စီးသွားခဲ့ပါတယ်။
ပေါင်ကဒေါင်တံတားဟာ တန့်ဆည်မြို့နယ်နဲ့ ကန့်ဘလူမြို့နယ်ကို ဆက်သွယ်ထားတဲ့ အဓိက လမ်းကြောင်းမှာရှိတာကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်သွားပြီး ဒေသခံတွေ သွားရေးလာရေး အခက်အခဲတွေလည်း ကြုံတွေ့နေရတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “တံတားအောက်ခြေတိုင်တွေ ပျက်စီးသွားတယ်။ ချောင်းရေမရှိချိန် ဆိုရင်တော့ တံတားအောက်က လမ်းကသွားလို့ရတယ်။ အခု ချောင်းကရေအရမ်းများ နေတော့ ကားတွေ အသွားအလာရပ်ထားရတယ်။ ကျွန်းလှဘက်ခြမ်းကရွာတွေက ပိုခက်ခဲတယ်။ ဒီဘက်မြို့လည်း လာမရ၊ ဟိုဘက်မြို့လည်း လာမရဖြစ်နေတယ်” လို့ ပြောပါတယ်။
ပေါင်ကဒေါင်တံတားကို တန့်ဆည်နဲ့ ကန့်ဘလူဘက်က ကျေးရွာပေါင်း ၂၀ ကျော်က ပြည်သူတွေ အဓိက အသုံးပြုနေကြတာဖြစ်ပါတယ်။
ဒေသခံပြည်သူတယောက်က “လယ်ကွက်ထဲတွေလည်း ရေတွေဝင်နေပြီ။ ညောင်ဝိုင်းရပ်ကွက်ထဲဆို ရေတွေဝင်တာ ၂ ပေကျော်နေပြီ။ ညောင်ဝိုင်းဘက်က တအားနိမ့်တယ်။ အခု လူမရှိတော့ဘူး။ တရပ်ကွက်လုံးကို သံဆူးကြိုးတွေခတ်ထားပြီ။ စျေးကုန်းရပ်ကွက် ချောင်းစပ်ဘေးတွေလည်း ရေတွေရောက်နေပြီ၊ မြို့မဘက်တွေ ကိုရော” လို့ ပြောပါတယ်။
ရေကြီးရေလျှံတာကြောင့် မိုးဗြဲမြို့အနီးမှာရှိတဲ့ စစ်ဘေးရှောင်တဲအိမ် ၃၀၀ ကျော်ထဲက တဲအိမ် ၁၀၀ ကျော် ရေနစ်မြုပ်ခဲ့ပြီး မိုးအဆက်မပြတ် ရွာသွန်းနေတာကြောင့် ရေဆက်ကြီးလာမှာကို စိုးရိမ်တယ်လို့ စစ်ဘေးရှောင်တွေက ပြောပါတယ်။
ဒါအပြင် လွိုင်ကော်မြို့နယ်အတွင်းက ဘုရားဖြူ၊ ဘုရားနီကျေးရွာတွေနဲ့ စစ်ရှောင်စခန်း ၅၀ ကျော်က စစ်ရှောင်ပြည်သူတွေဟာ လွိုင်ကော်မြို့ထဲကို ရွှေ့ပြောင်း နေရတယ်လို့လည်း သိရပါတယ်။
အကူအညီလိုအပ်သူတွေအနေနဲ့ လွိုင်ကော်မြို့၊ တောင်ကွဲစေတီအနီးက ကူညီရေး အသင်းပိုင်ယာဉ်တွေကို ဆက်သွယ်အကူအညီတောင်းခံနိုင်တဲ့အပြင် ကမ်းနား၊ မြေနိမ့်ပိုင်းရပ်ကွက်က ပြည်သူတွေလည်း နေရာရွှေ့ပြောင်းကြဖို့ လူမှုကူညီရေး အသင်းတွေက တိုက်တွန်းထားပါတယ်။