မိုးသည်းထန်လို့ ပဲခူးတိုင်း၊ မူး(မုန်း) မြို့နယ်ထဲက ရွာ ၉ ရွာရေကြီးခဲ့ပြီး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာလည်း စစ်ကိုင်း-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းက တံတာတစင်း ရေတိုက်စားပျက်စီးသွားပါတယ်။
ကေအဲန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ မူး(မုန်း)မြို့နယ်ထဲမှာ အောက်တိုဘာ ၇ ရက်ကနေ ၁၀ ရက်နေ့ အထိ ရွာ ၉ ရွာရေဘေးသင့်ခဲ့ပြီး စပါးစိုက်ခင်းတွေလည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေကြီးနေလို့ စာသင်ကျောင်း ၉ ကျောင်းလည်း ပိတ်ထားရပြီး အဲဒီရွာတွေကပြည်သူတွေဟာ လမ်းပန်းဆက်သွယ်ရေး၊ စားဝတ်နေရေး၊ ကျန်းမာရေးနဲ့ ပညာရေးကဏ္ဍတွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။
စာသင်ကျောင်းတွေလည်း ယာယီပိတ်ထားရပြီး ကျေးရွာတချို့မှာတော့ မျက်စိနာရောဂါ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
ပြီးတော့ ရေဘေးကြောင့် ငဘတ်အိုင်ကွင်း၊ နောင်ဘိုကွင်း၊ ခင်နောက်မီးကွင်း၊ ငတိုးခင်ကွင်း စတဲ့နေရာက လယ်ဧက ၂၀၀၀ လောက် နစ်မြုပ်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာတော့ မိုးသည်းထန်လို့ အောက်တိုဘာ ၁၃ ရက်နေ့ ညနေပိုင်းက စစ်ကိုင်း-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းမှာရှိတဲ့ ဆည်တောရွာနဲ့ ငါးပတ်ချောင်းရွားကြားက တံတားတစင်းပျက်စီးသွားပါတယ်။
ဒေသခံတယောက်က “တံတားက ပေ ၂၀ တံတားပါ။ ကျနော်တို့ ဝက်လက်နယ်ထဲက ဘုရားလေးကုန်းဘက်ကနေ စီးလာတဲ့ ချောင်းရေများပြီး ဒီတံတားကို တိုက်စားပြီး ပျက်စီးသွားတာဗျ။ အခုလိုပျက်စီးလို့ ခရီးသွားကားတွေကတော့ ကွင်းလမ်းကနေ မောင်းနေရတယ်။ အခက်အခဲကတော့ဖြစ်တာပေါ့ဗျာ မတတ်သာတော့လည်း ဖြစ်သလို သွားကြရတယ်” လို့ ပြောပါတယ်။
အခုရက်ပိုင်းအတွင်း မြန်မာပြည်အထက်ပိုင်းမှာ မိုးရွာသွန်းတာများပြီး မူးမြစ်ရေကြီးလို့ ကျွန်းလှမြို့နယ်မှာ စပါးစိုက်ခင်းနဲ့ နှမ်းစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးသလို တန့်ဆည်နဲ့ ကနီမြို့မှာလည်း ချောင်းရေတိုက်စားလို့ တံတားနဲ့ လူနေအိမ်တွေပျက်စီးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကနီဒေသခံတယောက်က “ကျနော်တို့ ကနီမြို့ကတော့ အောက်တိုဘာ ၁၂ ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာရွာသွန်းခဲ့လို့ ကနီမြို့ပေါ်ရပ်ကွက် ၃ ရေကျော်လမ်းပိုင်း ပျက်စီးခဲ့သလို ရပ်ကွက် ၁ စျေးအနီး ချောင်းဘေးက သီတာဦးရပ်ကွက်ထဲမှာ လူနေအိမ်တွေ၊ လမ်းတွေ ပျက်စီးခဲ့တယ်” လို့ ပြောပါတယ်။
ဒီရက်ပိုင်းမှာ မြန်မာနိုင်ငံနေရာတော်တော်များများ မိုးရွာပြီး ရေကြီးရေလျှံ ဖြစ်နေပါတယ်။