အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေမှာ ဝင်မပါပဲ ဘေးထွက်နေဖို့ တောင်းဆိုမှုတွေကို ဟစ်ဇ်ဘိုလာအဖွဲ့က ယိမ်းယိုင်လိုက်နာနေမှာ မဟုတ်ကြောင်း ဟစ်ဇ်ဘိုလာ လက်ထောက်အကြီးအကဲ နာအင်မ် ကက်ဆမ်က အောက်တိုဘာ ၁၃ ရက်မှာ ပြောကြားလိုက်ပြီး တိုက်ပွဲတွေမှာ ပါဝင်ကူညီဖို့ ဟစ်ဇ်ဘိုလာအဖွဲ့က လုံးဝ အဆင်သင့်ဖြစ်နေပြီ လို့လည်း ဆိုပါတယ်။
အင်အားကြီးနိုင်ငံတွေ၊ အာရပ်နိုင်ငံတွေ၊ ကုလသမဂ္ဂရဲ့ သံတမန်တွေက နောက်ကွယ်ကနေ လူမသိသူမသိ တောင်းဆိုမှုတွေ လုပ်နေကြတာဖြစ်ပြီး ကျနော်တို့ကို ဒီတိုက်ပွဲမှာ ဝင်မစွက်ဖက်ဖို့ တိုက်ရိုက်နဲ့ သွယ်ဝိုက်စွာပြောနေတာဟာ အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ပါဘူး လို့ နာအင်မ် ကက်ဆမ်က ဘေရွတ်မြို့ တောင်ပိုင်း ဆင်ခြေဖုံးမှာ စုဝေးနေတဲ့ ထောက်ခံသူတွေကို ပြောခဲ့ပါတယ်။
“စစ်ပွဲကို ဘာလို့မရပ်တန့်သလဲလို့ မေးတိုင်း 'တိုက်ပွဲမှာ ဝင်မစွက်ဖက်နဲ့'လို့ သူတို့က ပြောတယ်” လို့လည်း ကက်ဆမ်က ပြောပါတယ်။
ဟစ်ဇဘိုလာအဖွဲ့အနေနဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ ပါဝင်ကူညီသွားမှာဖြစ်ပြီး အဖွဲ့ရဲ့မျှော်မှန်းချက်နဲ့ အစီအစဉ်အတိုင်း ပံ့ပိုးပေးသွားမှာ ဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။
ရန်သူတွေရဲ့ လှုပ်ရှားမှုနောက်ကို လိုက်နေပြီး အပြည့်အဝ အဆင်သင့် ဖြစ်နေပြီးတော့ အချိန်ရောက်လာရင် ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
ကက်ဆမ်ဟာ တိုက်ပွဲနဲ့ပတ်သက်ပြီး လူသိရှင်ကြား ပြောဆိုတဲ့ ဟစ်ဇ်ဘိုလာ အကြီးတန်း အရာရှိ ဖြစ်ပြီး ဟစ်ဇ်ဘိုလာ အကြီးအကဲ ဆေယစ်ဒ် ဟက်ဆမ် နက်စ်ရာလာ ကတော့ ဖြစ်စဉ်တွေအပေါ် မှတ်ချက်မပေးသေးပါဘူး။
ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ခွဲက အစ္စရေးမြို့တွေကို တိုက်ခိုက်ခဲ့လို့ အစ္စရေးကလည်း ဂါဇာ ကမ်းမြောင်ကို လက်တုံ့ပြန်တဲ့ ဗုံးကြဲမှုတွေ လုပ်ဆောင်ခဲ့အပြီးမှာ ဟစ်ဇ်ဘိုလာအဖွဲ့ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က လက်ဘနွန် နယ်စပ်ကိုဖြတ်ပြီး အစ္စရေးနဲ့ အကြိမ်ပေါင်းများစွာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။
Source/Photo-Reuters