ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့နယ်ခွဲမှာရှိတဲ့ လုန်ဂျုံယန်ကျေးရွာက နေအိမ် ၁၁ လုံးကို ဗန်းမော်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းက အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းမှာ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းတွေဟာ လွန်ခဲ့တဲ့ တပတ်ဝန်းကျင်ကပဲ ကုန်းလော၊ မတ်ခွဲလမ်းကနေ ဒေါ့ဖုန်းယန်မြို့ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး မိုးမောက်-ဒေါ့ဖုန်းယန် အနောက်လမ်းပေါ်မှာရှိတဲ့ လုန်ဂျုံယန်ရွာကပြည်သူတွေထွက်ပြေးနေချိန် ရွာမှာဝင်ရောက်ခိုးဝှက်ပြီး မီးရှို့ခဲ့တာပါ။
ဒေသခံတယောက်က “ဒီအနောက်လမ်းပေါ့နော၊ ကုန်းလော မတ်ခွဲလမ်းကနေ ဒေါ့ဖုန်းယန်ကို တက်လာတာ၊ အဲလိုတက်လာတော့ အဲဘက်က ရွာကပြည်သူတွေက ရှောင်ကုန်ကြပြီလေ၊ အရင်ကတခေါက် တက်လာတုန်းကလည်း ပေါ်တာဆွဲတာတွေ ရှိတော့ အားလုံးက ရှောင်ကြတာ။ အဲကနေ မနေ့က ညနေတော့ လုန်ဂျုံယန်ကို ရောက်လာလို့ မီးရှိုခဲ့တာ။ နေအိမ်အများကြီး မီးလောင်သွားတယ်။ သူတို့(စကစ) တက်လာတုန်းကလည်း လမ်းတလျှောက်မှာရှိတဲ့ လူမရှိတဲ့ အိမ်တွေ၊ သော့ခတ်ထားတဲ့ အိမ်တွေကို ရိုက်ဖွင့် သူတို့လိုချင်တဲ့ ပစ္စည်းတွေကိုယူ၊ အဲလိုလုပ်ပြီးတက်လာတာ” လို့ပြောပါတယ်။
နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ခ.မ.ရ ၄၁၅ က တပ်သားတွေဖြစ်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေ ဆီကနေ သိရပါတယ်။
မီးရှို့ခံရတဲ့ လုန်ဂျုံယန်ရွာဟာ အိမ်ထောင်စု ၂၀ ဝန်းကျင်ရှိတဲ့ ကချင်ရွာဖြစ်တယ်လို့ သိရပြီး ရွာမီးရှို့ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကျေးရွာကနေထွက်ခွာသွားပြီဖြစ်လို့ ထွက်ပြေး တိမ်းရှောင်နေတဲ့ ပြည်သူတွေကတော့ ကျေးရွာမှာ ပြန်ပြီး နေထိုင်နေပြီလို့ သိရပါတယ်။
ဗန်းမော်ကနေ ဒေါ့ဖုန်းယန်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေက မိုးမောက်-မြစ်ကြီးနား ကားလမ်းကနေ မသွားဘဲ အနောက်လမ်းကို အသုံးပြုတာဟာ ဗန်းမော်-ဒေါ့ဖုန်းယန်လမ်းပေါ်မှာ ကချင်လွတ်မြောက်ရေးတပ်သားတွေက ဟန့်တား တိုက်ခိုက်တာကြောင့် ဖြစ်မယ်လို့ မိုးမောက်မြို့နယ် ဒေသခံတယောက်က ပြောပါတယ်။
လွန်ခဲ့တဲ့ အောက်တို့ဘာ ၁၁ ရက်နေ့ကလည်း ဒေါ့ဖုန်းယန်မြို့နားမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းကနေ နမ်ဆန်ယန်ဒေသကို စစ်အင်အားပို့ဖို့ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေကို လွယ်ဂျယ်နားမှာ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၄၇ က တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။