မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၂ ရက် မနက်အစောပိုင်းက စတင် စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ ၁၀ ရွာကျော်က ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ရေလယ်ကျွန်းဒေသကို စစ်ကောင်စီတပ်က စစ်သား ၁၀၀ ကျော်နဲ့ စစ်ကြောင်းနှစ်ကြောင်း ခွဲလာပြီး ကျေးရွာတွေမှာ တပ်ဖြန့်ထားတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာလို့ ရေစကြိုမြို့နယ် ပကဖ တာဝန်ရှိသူက ပြောပါတယ်။
ရေစကြိုမြို့နယ် လူထုတိုက်ပွဲကော်မတီ တာဝန်ရှိသူက “စားနပ်ရိက္ခာ အဓိကလိုအပ်နေတာပါ။ ထွက်ပြေးလာချိန်မှာ မိုးတွေရွာနေပေမဲ့ အခုတော့ နေထိုင်ဖို့က အဆင်ပြေပါတယ်။ စစ်ရှောင်ဦးရေလည်း များတော့ ခိုလှုံတဲ့ရွာတွေက ကျွေးနေပါတယ်။ စားနပ်ရိက္ခာအတွက် ငွေကြေးထောက်ပံ့မှုတွေလည်း လိုနေတယ်” လို့ ပြောပါတယ်။
အခုလက်ရှိအချိန်မှာ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသက မိဖုရား၊ မဲကုန်း၊ ကျောက်ဖူး၊ ကျွဲကုန်း၊ ဖြုံဘူး ကျေးရွာတို့မှာ စစ်တပ်က တပ်ဖြန့်ထားပြီး အောက်တိုဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ စစ်တပ်က ကျွန်းညိုရွာကို မီးရှို့နေတယ်လို့ သိရပါတယ်။
မြေပြင်မှာ စစ်တပ်ရှိနေတာကြောင့် ရှို့ခံရတဲ့ အခြေအနေ အသေးစိတ်နဲ့ မီးလောင်ပျက်စီးမှု အခြေအနေကို အတည်မပြုနိုင်သေးပါဘူး။