တောင်ကိုရီးယားနိုင်ငံမှာ ဒီနေ့ အောက်တိုဘာ ၁၃ ရက်က မြန်မာလုပ်သားတဦး အိပ်နေရင်း သေဆုံးမှု ထပ်ဖြစ်ခဲ့တယ်လို့ အဲဒီနိုင်ငံရှိ မြန်မာလုပ်သားအသိုက်အဝန်းက သိရပါတယ်။
အသက် ၃၉ နှစ်အရွယ် မြန်မာလုပ်သား ကိုနိုင်ဝင်းထွန်းကို ဒီနေ့မနက် ၈ နာရီလောက်က အိပ်နေရင်း သေဆုံးလျက် တွေ့ရတာလို့ ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ စက်တင်ဘာ ၁၄ ရက်ကလည်း အလုပ်သမားတဦးဟာ အိပ်နေရင်း သေဆုံးခဲ့ပြီး ၁ လနီးပါးအကြာ နောက်ထပ် မြန်မာလုပ်သားတဦး ထပ်မံသေဆုံးရတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံရောက် မြန်မာလုပ်သားတဦးက “အလုပ်ပင်ပန်းတာရော၊ စိတ်ပင်ပန်းတာကြောင့်ရော ကျန်းမာရေးထိခိုက်မှုတွေ ဖြစ်ကြတယ်။ ပိုက်ဆံရတာပဲမြင်တာ၊ နောက်ကွယ်က ပင်ပန်းမှုတွေ မသိကြဘူး။ အခုလည်း ပင်ပန်းတာတွေရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်တာလို့ ထင်တယ်” လို့ ပြောပါတယ်။
ဒီနေ့ သေဆုံးသွားတဲ့ မြန်မာလုပ်သားဟာ ရန်ကုန်မြို့၊ သန်လျင်ကနေ သွားရောက်လုပ်ကိုင်သူဖြစ်ပြီး အခန်းနေ သူငယ်ချင်းတစုက နှိုးမရလို့ ၁၁၉ ကို ဖုန်းဆက် အကူအညီတောင်းခဲ့ရတယ်လို့ မြန်မာလုပ်သားအရေး ကူညီနေတဲ့ ကိုဇော်မိုးအောင်က သူ့ရဲ့ ဖေ့စ်ဘွက်ခ် လူမူကွန်ရက်မှာ အသိပေးထားပါတယ်။
“လက်ရှိအချိန်မှာ ရဲဝန်ထမ်းများက ကွယ်လွန်သူနဲ့ ပတ်သက်သမျှကို စစ်ဆေးနေပါတယ်။ ရဲဝန်ထမ်းများ စစ်ဆေးပြီးနောက် သင်္ဂြိုဟ်ခွင့်ပြုပါက နာရေးကိစ္စကို ထပ်မံ အသိပေးပါမယ်” လို့ သူက ပြောပါတယ်။
စက်တင်ဘာ ၁၄ ရက်က အိပ်နေရင်း သေဆုံးခဲ့တာက အသက် ၃၀ အရွယ် ကိုရဲထက်အောင် ဆိုသူဖြစ်ပြီး ကိုရီးယားနိုင်ငံ၊ ဂယောင်ဂီပြည်နယ်၊ ဟွာဆောင်မြို့၊ အုဂျောင်အွတ်ရှိ နေအိမ်မှာ ကွယ်လွန်ခဲ့တာလို့ သိရပါတယ်။
ကိုရဲထက်အောင်က နောက်နေ့ အလုပ်ဆင်းဖို့ အိပ်နေစဉ် ည ၈ နာရီ ၃၀ မိနစ်မှာ အလုပ်က ပြန်လာကြတဲ့ သူငယ်ချင်းတွေက ကိုရဲထက်အောင်ကို လှုပ်နှိုးတဲ့အခါ ခန္ဓာကိုယ်က တောင့်နေပြီး နိုးလာခြင်း မရှိတော့တာလို့ ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ မြန်မာလုပ်သား ၅၀,၀၀၀ နီးပါး ရောက်ရှိ လုပ်ကိုင်နေတာဖြစ်ပြီး ဆောက်လုပ်ရေး၊ ကုန်ထုတ်၊ စိုက်ပျိုးရေး/မွေးမြူရေး လုပ်ငန်းတွေမှာ ဝင်ရောက် လုပ်ကိုင်နေကြတာ ဖြစ်ပါတယ်။