Home
မြန်မာသတင်း
နမခစစ်ဌာနချုပ် (မုံရွာ) တွင် စစ်ကောင်စီက တပ်သားအင်အား ၁၀၀၀ ကျော်တိုးချဲ့ချထား
DVB
·
October 13, 2023
MonYwa

အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ)မှာ စစ်ကောင်စီက တပ်သားအင်အား ၁၀၀၀ ကျော် ထပ်တိုးချထားလိုက်ပြီး ပျူစောထီးရွာတွေကို စစ်ကောင်စီက ရိက္ခာထောက်ပို့တာတွေ ပြန်လုပ်နေတယ်လို့ စစ်ကိုင်းဒေသတွင်း တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

စစ်ကိုင်း၊ မကွေး၊ ချင်းပြည်နယ်တို့ပါဝင်တဲ့ အနောက်မြောက်တိုင်းစစ်ဒေသ၊ စစ်ဌာနချုပ် (မုံရွာ) မှာ စစ်ကောင်စီက တပ်သားအင်အား ၁၀၀၀ ကျော်ထပ်တိုးချထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။

အနောက်မြောက်တိုင်းစစ်ဒေသထဲမှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ်တွေကို အဆင့်ဆင့်ဖွဲ့စည်းထားတာဖြစ်ပြီး ထပ်တိုးလာတဲ့ စစ်သားအင်အားတွေဟာ စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် အမှတ်(၃၃)ခြေမြန်တပ်မဌာနချုပ်၊ မကွေးတိုင်း ပခုက္ကူမြို့နယ် အမှတ် (၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ စစ်ကိုင်းနဲ့ ချင်းပြည်နယ်စပ် ကလေးမြို့နယ် အမှတ် (၁၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်တွေဆီကို တပ်ဖြန့်ဖို့အလားအလာတွေ ရှိနေတယ်လို့ စစ်ကိုင်းနယ်ခံ နိုင်ငံရေးသမားတယောက်က ပြောပါတယ်။

စစ်ကိုင်းနယ်ခံနိုင်ငံရေးသမား ဦးစိုးဝင်းဆွေက “ခရိုင်တခုချင်း မြို့နယ်တခုချင်းအလိုက်ကို ပိုက်စိပ်တိုက် ပိတ်ဆို့ပြီးတော့ နယ်မြေရှင်းလင်းရေးလုပ်တဲ့ပုံစံလုပ်နေတယ်။ ပြီးတော့ နမခမှာ၊ သင်တန်းဆင်းလာတယ် ထင်တယ်ကြည့်ရတာ၊ အင်အား တထောင်ကျော် ထပ်ဖြည့်ထားတယ်လို့လည်း ကြားရတယ်။ သူတို့ကတော့ ဒီနယ်မြေကိုတော့ အပြောင်ရှင်းချင်တဲ့ ပုံစံမျိုးရှိတယ်။ စစ်ကိုင်းမြေပြင်မှာပေါ့လေ။ အရင်ကတော့ ဒကစ တခုရှိတယ်။ တပ်မတခုနဲ့ ညီမျှတဲ့အင်အားပေါ့။ နောက် စကခ တခု ရှိတယ်။ နောက် တပ်မ ၃၃ ရှိတယ်၊ ပြီးတော့ တိုင်းစစ်ဌာနချုပ် ရှိတယ်ပေါ့လေ အင်အားပေါ့။ ဒီရက်ပိုင်းမှာတော့ အင်အား တထောင်လောက် တိုးလာတယ် ကြားရတယ်” လို့ ပြောပါတယ်။

အောက်တိုဘာလဆန်းပိုင်းကစပြီး စစ်ကိုင်းမကွေးနယ်စပ် ပုလဲ၊ ဆားလင်းကြီး၊ ယင်းမာပင်မြို့နယ်တွေမှာတော့ စစ်ကောင်စီက အင်အား ၃၀၀ ကျော်နဲ့ ဝင်ရောက်စီးနင်းတာ၊ ပျူစောထီးရွာတွေကို ရိက္ခာထောက်ပို့တာတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

အောက်တိုဘာ  ၆ ရက်မှ လက်ရှိအချိန်အထိ ဒေသခံ PDF တွေနဲ့ ထိတွေ့မှုတချို့ရှိခဲ့ပေမဲ့ တိုက်ပွဲကြီးကြီးမားမားမရှိခဲ့ဘဲ စစ်ကောင်စီက ဒေသတွင်း ပျူစောထီးရွာတွေကို ထောက်ပို့ဖို့ ဦးစားပေး ဆောင်ရွက်တာကို တွေ့ရတယ်လို့ ဒေသခံ PDF တွေကပြောပါတယ်။

ပုလဲ ပကဖ အဖွဲ့မှ ကိုကျော်စိုးဝင်းက “အင်ပင်ထိရယ် ဇီးဖြူကုန်းရယ် ပျူရွာတွေက တော်တော်လေး ငတ်မွတ်ခေါင်းပါးနေပြီပေါ့။ သူတို့မှာ အနိုင်ကျင့်စနစ်က ရှိနေတဲ့အခါကျတော့ စစ်ကောင်စီယာဉ်တန်းလာတိုင်း သူတို့ရွာက ခေါင်းဆောင်ကပေးတဲ့ အတိုင်းအတာလေးတွေကိုပဲ ရပြီးတော့ ခွဲတမ်းက ဒီလောက်ကလေးပဲရတယ်ဆိုတော့ သူတို့မှာ မပြေလည်ဘူး။ မပြေလည်တဲ့အခါကျတော့ တချို့တလေက ထွက်ပြေးတယ်၊ အဲဒီရွာထဲမှာ မနေတော့ဘူး။ ပျူစောထီးအဖွဲ့က ရေရှည်ကျ ရပ်တည်လို့ မဖြစ်နိုင်တော့ဘူး။ သေချာပေါက် အင်ပင်ထိနဲ့ ဇီးဖြူကုန်းက ပြိုလဲတော့မယ်၊ အဲဒီပြိုလဲတော့မယ့်ဆဲဆဲကိုမှ သူတို့ချိတ်ဆက်ပြီးတော့မှ စားဝတ်နေရေးအတွက်ဖြစ်အောင် ပျူစောထီးရွာတွေ မပြိုလဲအောင် စစ်ကောင်စီဘက်က ဒီလိုလာပြီးတော့ လုပ်ပေးတယ်ဆိုတာ ဖြစ်လာပါတယ်”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ခေါင်းခွဲရွာကို စစ်ကောင်စီတပ်က အောက်တိုဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှာ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် အိမ် ၁၈ လုံး မီးလောင်ပျက်စီးခဲ့ပါတယ်။

ခေါင်းခွဲရွာကို ဝင်ပြီးမီးရှို့တဲ့ စစ်ကောင်စီတပ်သားတွေဟာ ကျောက်ရစ်ရဲစခန်းဘက်က ထွက်လာတဲ့စစ်ကြောင်းဖြစ်ပြီး မြောင်မြို့နယ်ထဲမှာ ခေါင်းခွဲရွာအနီး စစ်ကြောင်းတခု၊ နနွင်းကိုင်းရွာအနီးမှာ စစ်ကြောင်းတခု၊ ရေလယ်ကျွန်းရွာမှာ စစ်ကြောင်းတခု စုစုပေါင်း စစ်ကြောင်း ၃ ခု ဖိုခနောက်ဆိုင် ဝင်ရောက်နေတာလို့ ဒေသခံ PDF ခေါင်းဆောင်တယောက်က ပြောပါတယ်။

မြောင် CDSOM ကိုနွေဦးက “ထွေထွေထူးထူးတွေကတော့ ပြောစရာမရှိတော့ပါဘူး။ လုပ်စရာရှိတာကိုပဲ လုပ်နိုင်ဖို့က အရေးကြီးတဲ့အပိုင်းပဲ။ ပြောလည်း ရတဲ့ကိစ္စမျိုး မဟုတ်ဘူး။ လုပ်မှရမယ့် ကိစ္စမျိုးဖြစ်နေတဲ့အတွက်ကြောင့် ဘာမှမပြောတော့ပါဘူး။ သူတို့လည်း ရန်သူပီပီ လုပ်စရာရှိတာ အကုန်လုပ်နေတာပဲ။ အဲဒီတော့ ကိုယ်ကလည်း ကာကွယ်ရမယ့်ကိစ္စကို ပါးစပ်က ပြောနေတာထက် လက်ကလုပ်နေဖို့ပဲ လိုတော့တာပါ။ လိုအပ်တာကတော့ အရင်ကတည်းက စစ်ဘေးရှောင်နေကြတဲ့ ကာလတွေကတည်းက တောက်လျှောက်လိုအပ်နေတဲ့ဟာတွေပါပဲဗျာ။ လိုအပ်နေတယ်ဆိုပေမယ့် အဆင်ပြေသွားတယ်ဆိုတာမျိုးက ရှားပါတယ်။ လိုလည်း လိုတဲ့အတိုင်းပဲ အဆင်ပြေအောင် ကြည့်ကြပ်နေကြဖို့ပဲ ရှိတော့တာပေါ့ဗျာ”လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းမှာ ရထားလမ်း၊ ကားလမ်း၊ ရေကြောင်းလမ်းတွေကို စစ်ကောင်စီနဲ့ PDF တွေ အပြိုင်ထိန်းချုပ်ဖို့ ကြိုးစားတဲ့ အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီဘက်က အသာစီးယူနိုင်ဖို့ စစ်သားအင်အားတိုးချတာ မြေပြင်က ပျူစောထီးအင်အားစုတွေ မပြိုလဲအောင် ထောက်ပို့တာတွေကို ဆက်လက်ပြုလုပ်နေတာပါ။

စစ်ကောင်စီက စစ်ကိုင်း-မန္တလေးနယ်စပ် ရထားလမ်း၊ ကားလမ်း၊ ရေကြောင်းလမ်းတွေကို မဖြစ်မနေ ထိန်းချုပ်ဖို့ ကြိုးစားနေတာဟာ ထောက်ပို့လမ်းကြောင်း တခုတည်းအတွက်မဟုတ်ဘဲ ပိတ်မိတဲ့ သူတို့တပ်သားတွေ ပြန်ဆုတ်နိုင်ဖို့ ရည်ရွယ်တာမျိုးလည်း ဖြစ်နိုင်တယ်လို့ နယ်ခံနိုင်ငံရေးသမားတွေက ခန့်မှန်းပါတယ်။

အစောပိုင်းကာလတွေမှာ စစ်ကိုင်းဒေသတွင်း ပိတ်မိတဲ့ သူတို့စစ်သားတွေကို အချိန်မီထောက်ပို့ မလုပ်နိုင်တာကြောင့် သူတို့ဘက်က အကျအဆုံးများခဲ့တာ၊ စိတ်တိုင်းကျ ကွပ်ကဲမှု မလုပ်နိုင်ခဲ့တာတွေကို ဗျူဟာတကျ ပြန်ထိန်းနိုင်ဖို့ ရည်ရွယ်တာလို့ ဆိုကြပါတယ်။

သုတချမ်းသာ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024