ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ဖွဲ့က ရွှေမော်တော် ၄ စီးကို မီးရှို့ဖျက်ဆီးပြီး မော်တော်ပိုင်ရှင် အပါအဝင် ၅ ဦးထက်မနည်းကို ဖမ်းဆီးသွားကြောင်း သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့က ဧရာဝတီမြစ်အတွင်း ရွှေတူးဖော်လုပ်ငန်း လုပ်ကိုင်နေတဲ့ ရွှေမော်တော်လေးစီးကို ဖမ်းဆီးကာ ရေပျံလေး ဆိပ်ကမ်းမှာ မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
ရွှေကူဒေသခံတဦးက “ညနေ ၄ နာရီလောက်က ဧရာဝတီမြစ်ထဲမှာ ရွှေတူးနေတဲ့ မော်တော်လေးစီးကို စစ်တပ်က ဖမ်းလာတယ်။ ဖမ်းလာတဲ့ သင်္ဘောတွေကို စစ်တပ်နဲ့ ရဲနဲ့က ရေပျံလေးသင်္ဘောဆိပ်မှာ မီးရှို့ပြီး မြစ်ထဲမျောလိုက်တယ်။ မော်တော်ပိုင်ရှင်အပါ ၅ ဦးလောက်ကိုလည်း ဖမ်းထားတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ ရွှေတူးဖော် မော်တော်လေးစီးကို ချောဆွဲရာကနေ မော်တော်ပိုင်ရှင်တွေက ငြင်းဆန်ခဲ့တဲ့အတွက် မော်တော်တွေကို ဖမ်းဆီးမီးရှို့ ဖျက်ဆီးခဲ့တာလို့ ဒေသခံတွေက ဆိုပေမဲ့ ဒီဗွီဘီအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၈ ရက်ကလည်း ရွှေကူမြို့နယ် ဧရာဝတီမြစ်တလျှောက် ရွှေတူးမော်တော်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီး မီးရှို့ဖျက်ဆီးပြီး မော်တော်ပိုင်ရှင် အပါအဝင် ၁၅ ဦးထက်မနည်းကို ဖမ်းဆီးခဲ့ပါသေးတယ်။