Home
မြန်မာသတင်း
တိုင်းပြည်စီးပွားရေးကို ဒုစစ်ခေါင်းဆောင် ဦးဆောင် ကိုင်တွယ်မည်
DVB
·
October 13, 2023
SoeWin_TheSecondGeneral_13102023

နိုင်ငံရဲ့စီးပွားရေးကို ဦးဆောင်နေကြတဲ့ တပ်တွင်း အဆင့်မြင့်အရာရှိကြီးတွေ အဂတိလိုက်စားမှုတွေ ရှိနေလို့ စီးပွားရေးဆိုင်ရာ ကိစ္စတွေကို ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင် ဦးဆောင်သွားမယ်လို့ စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

​စစ်တပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းနဲ့ တပည့်ဖြစ်သူ ဗိုလ်မှူးချုပ် ရန်နောင်စိုးကို အဂတိလိုက်စားမှုတွေနဲ့ ထောင်ဒဏ်တသက်တကျွန်းချပြီးနောက် ဗိုလ်ချုပ်ကြီးမြထွန်းဦးကို စီးပွားရေးမှာ ဦးဆောင်စေပေမဲ့ ယုံကြည်မှုမရှိတာကြောင့် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို ဗဟိုကော်မတီမှာ ဥက္ကဋ္ဌအဖြစ် နေရာပေးထားတာဖြစ်တယ်လို့ စစ်ဘက်ဆိုင်ရာ အရာရှိကြီးက ပြောပါတယ်။

“အခုက ဘယ်သူ့ကိုမှ မယုံတော့တာ။ မြထွန်းဦးကိုတောင် ယုံကြည်မှုမရှိဘူး။ မိုးမြင့်ထွန်းရဲ့ နေရာတွေကို ပေးပေမဲ့ သူ့ကိုချုပ်ကိုင်ဖို့ စိုးဝင်းက သူ့ရဲ့အပေါ်မှာ ဥက္ကဋ္ဌအဖြစ် ရှိနေတယ်။ စီးပွားရေးပွဲတွေမှာ သူပဲ ပြောတော့တယ်။”

နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှာ အောက်တိုဘာ ၁၂ ရက်က ကျင်းပခဲ့တဲ့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ အစည်းအဝေးမှာ ဗဟိုကော်မတီဥက္ကဋ္ဌ အနေနဲ့ ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်ခဲ့ပြီး အဂတိနဲ့ပတ်သက်လို့ ပြောဆိုခဲ့တာလည်း ရှိပါတယ်။

“စီးပွားရေးမှာ ဦးဆောင်သူတွေနဲ့အနေနဲ့ လာဘ်ပေးလာဘ်ယူကိစ္စတွေကို အထူးသတိထားဖို့ လိုတယ်။ နိုင်ငံကို အုပ်ချုပ်သူတွေအနေနဲ့ အဂတိလိုက်စားမှုကို ထိရောက်စွာ အရေးယူသွားမယ် ဆိုတာ ထပ်ပြီးပြောချင်တယ်။ စီးပွားရေးမှာ တပ်က ဦးဆောင်သူတွေအနေနဲ့ ဒါကို သတိထားသင့်တယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုတွေ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီဥက္ကဋ္ဌ တာဝန်တွေကို ယူထားတဲ့ ဗိုလ်ချုပ်ကြီးမြထွန်းဦးကိုလည်း စောင့်ကြည့်နေတယ်လို့ စစ်ရာထူးခန့်ရုံးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဗိုလ်ချုပ်ကြီးမြထွန်းဦးကို စောင့်ကြည့်ဖို့ ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်ကို တာဝန်ပေးထားတယ်။ နီလင်းအောင်က စိုးဝင်းကို ပြန်တင်ပြရတာ” လို့ ပြောပါတယ်။

လက်ရှိအခြေအနေမှာ အာဏာသိမ်းစစ်တပ်က ဒုခေါင်းဆောင်က မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌအပြင် စီးပွားရေးနဲ့ အဂတိဆိုင်ရာ စစ်ဆေးမှု ဥက္ကဋ္ဌတာဝန်ကိုပါ ယူထားပြီး နိုင်ငံစီးပွားရေးကို ဦးဆောင်သွားမှာဖြစ်တယ်လို့ စစ်ဘက်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024