စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ရွှေလီရွာနဲ့ ပြင်းစုရွာကြားမှာ အောက်တိုဘာ ၁၃ ရက် ဒီမနက် ၅ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ထီးချိုင့်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းဟာ ထီးချိုင့်မြို့ကနေ အင်အား ၁၅၀ ခန့်နဲ့ ဆားတွင်းရွာနဲ့ ရွှေလီရွာမှာ စတင်စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ထီးချိုင့်ဒေသခံ ရွာသားတဦးက “စစ်ကြောင်းကတော့ ထီးချိုင့်ကနေ တည်တောရွာဖြတ်ပြီး တောလမ်းလမ်းအတိုင်း တောင်ပေါ်တက်သွားပြီး ကွင်းကြီးရွာဘက်ကို ဆင်းလာတာဗျ။ စစ်ကြောင်းက အောက်တိုဘာ ၁၁ ရက်နေ့က စထွက်လာတာ၊ ကွင်းကြီးရွာကနေ စစ်ကြောင်းခွဲတယ်၊ ရွှေလီရွာတကြောင်းနဲ့ ဆားတွင်းရွာတကြောင်း ခွဲထွက်လာပြီး ဒီနေ့မနက်ခင်းကျတော့ တိုက်ပွဲဖြစ်တော့တာပဲဗျ။ ကျနော်တို့ ဒေသခံတွေကတော့ သူတို့ ကွင်းကြီးရွာရောက်လာကတည်းက အောက်တိုဘာ ၁၂ ရက်နေ့ ညနေခင်းကတည်းက ရွာကနေ ထွက်ပြေးလာခဲ့ရတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားတာဟာ မနက်ခင်း ၅ နာရီကစတင်ကာ နေ့ခင်း ၁၂ နာရီအထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“၁၂ နာရီ ၁၅ မိနစ်ကတော့ မန္တလေး တံတားဦးကနေတက်လာတဲ့ လေယာဉ်ကတော့ ပြင်းစုရွာဘုန်းကြီးကျောင်းအနီးကို လေယာဉ်နဲ့ လာပစ်တယ်ဗျ။ လေယာဉ်အမျိုးအစားတော့ မသိဘူး။ ချတာကတော့ ဗုံးသီးအတွဲလို ၂ ကြိမ်ချတယ်။ ရွာပေါ်ကနေ ပတ်ပျံတာက ၄ ပတ် ပတ်ပြီး နောက်ပျံလှည့်သွားတယ်” လို့ ပြင်းစုရွာအနီးကျေးရွာက ဒေသခံရွာသားတဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ စစ်ရေးအခြေအနေ တင်းမာနေဆဲဖြစ်ပြီး နှစ်ဖက် ထိတွေ့ ကျဆုံးအခြေအနေကိုတော့ ဒီဗွီဘီအနေနဲ့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
အခုလို စစ်ဖြစ်ပွားနေတာကြောင့် ဆားတွင်းရွာ၊ ကံပေါက်ရွာ၊ ပြင်းစု၊ ရွှေလီရွာ၊ ရွာသစ်ကုန်းရွာက ပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့လည်း သိရပါတယ်။