အစ္စရေးစစ်တပ်ဟာ ဂါဇာဒေသ အပါအဝင် တောင်ပိုင်းနဲ့ မြောက်ပိုင်း နယ်စပ်တွေမှာ အောက်တိုဘာ ၁၂ ရက်က တင့်ကားတွေကို နေရာချထားလိုက်ပြီလို့ သိရပါတယ်။
လက်ဘနွန်နိုင်ငံနဲ့ ထိစပ်နေတဲ့ အစ္စရေးမြောက်ပိုင်း နယ်စပ်အနီးမှာပါ စစ်ဘက်သုံး ရဟတ်ယာဉ်တစင်း ပျံသန်းသွားတာကို တွေ့ရပါတယ်။
ဂါဇာကမ်း မြောင်ဒေသမှာ ထိန်းချုပ်ထားနိုင်တဲ့ ဟားမတ်စ်အဖွဲ့ရဲ့ လှုပ်ရှားမှုကို အမြစ်ဖြတ် ချေမှုန်းပစ်မယ်ဆိုပြီး အစ္စရေးဘက်က ကတိပြုထားတာပါ။
အောက်တိုဘာ ၇ ရက်က အစ္စရေးမြို့ငယ်တွေမှာ ရာနဲ့ချီတဲ့ သေနတ်သမားတွေ ဝင်ရောက်လာခဲ့ပြီး သမိုင်းတလျှောက် အရပ်သားသေဆုံးမှုအများဆုံး တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာကြောင့် လက်တုံ့ပြန်နေတာဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စရေးနိုင်ငံရဲ့ တုံ့ပြန်မှုအတွင်း ဟားမတ်စ်အဖွဲ့ တာဝန်ရှိသူတွေရဲ့ နေအိမ်တွေ၊ အိမ်ရာအဆောက်အအုံတွေ၊ တူးမြောင်းတွေနဲ့ ဗလီတခုအပေါ် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ ကလေးငယ် ၄၄၇ ဦး အပါအဝင် လူပေါင်း ၁,၄၁၇ ဦးအထိ သေဆုံးခဲ့ရပါတယ်။
ဒါ့အပြင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ယာဟုကလည်း “အပြင်းအထန် လက်စားချေမယ်” ဆိုပြီး ပြောထားပါတယ်။
ဂါဇာဒေသမှာ အစ္စရေးနိုင်ငံနဲ့ ပါလက်စတိုင်း စစ်သွေးကြွတွေကြား ပဋိပက္ခဖြစ်ပွားမှုက မြောက်ပိုင်းမှာရှိတဲ့ လက်ဘနွန်နိုင်ငံနဲ့ နယ်စပ်အထိကို သိသိသာသာ ကျယ်ပြန့်လာခဲ့ကြောင်း ဖော်ပြထားပါတယ်။
Source/Photo-Reuters