ရှမ်းပြည်တောင်ပိုင်း ကလောမြို့နယ်မှာ အောက်တိုဘာ ၁၀ ရက်တည်းက မိုးအဆက်မပြတ်ရွာသွန်းပြီး တောင်ကျရေတွေ ကလောချောင်းအတွင်း စီးဝင်ကာ ချောင်းရေလျှံမှု ဖြစ်ပွားပြီး အခုနှစ်အတွင်း ၆ ကြိမ်မြောက်အဖြစ် ရေကြီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကျရေဝင်ရောက်မှုကြောင့် ကလောမြို့ရှိ အမှတ် ၂ ရပ်ကွက်နဲ့ အမှတ် ၄ ရပ်ကွက်တွေရှိ နေအိမ် ၁၀၀ နီးပါး ရေဝင်ရောက်မှုတွေ ရှိခဲ့ပါတယ်။
ကလောဒေသခံတဦးက “မိုးရွာပြီး တောင်ကျရေ ဆင်းတာများလို့ ရေကြီးသွားတာပါ။ အရင်အခေါက်တွေက ရေကြီးပေမဲ့ ရေကျတာမြန်တယ်။ အခုက ၃ ရက်လောက်ကြာတဲ့အထိ ရေက ထင်သလောက်မကျသေးဘူး။ လူတွေလည်း တော်တော်ဒုက္ခရောက်နေပြီ။ သွားရလာရလည်းခက်၊ သောက်ရေအတွက်ကလည်းခက်၊ အလုပ်ကလည်းပျက်ဗျာ” လို့ ပြောပါတယ်။
ကလောမြို့မှာ တောင်ကျရေဆင်းတာကြောင့် မကြာခဏ ရေကြီးနေပြီး အခုနှစ်အတွင်း ၆ ကြိမ်မြောက်အဖြစ် ရေကြီးရေလျှံမှုဖြစ်တာလို့ လူမှုကူညီရေးအသင်းဝင်တဦးက ပြောပါတယ်။
“အိမ်ထောင်စု ၁၀၀ ကျော်က အိမ် ၁၀၀ နီးပါး ရေဝင်ရောက်မှု ရှိခဲ့ပါတယ်။ ရေက အရမ်းစိုးရိမ်စရာမရှိတော့ ရေဘေးရှောင်စခန်း ဆိုပြီးတော့ ဖွင့်လှစ်ခဲ့တာ မရှိပါဘူး။ လူထိခိုက်မှုနဲ့ တိရစ္ဆာန်ထိခိုက်မှုတွေလည်း မရှိပါဘူး။ သွားရလာရ ခက်ခဲသွားတဲ့ အခြေအနေ ဖြစ်ရုံလောက်ပါ။”
ကလောမြို့နယ်မှာ မေလ၊ ဇူလိုင်၊ စက်တင်ဘာနဲ့ အောက်တိုဘာအတွင်း ရေကြီးမှု ၆ ကြိမ်ဖြစ်ပေါ်ခဲ့ပြီး အမှတ် ၂ ရပ်ကွက်မှာသာ အဓိက ရေလျှံခဲ့တယ်လို့ စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။