ရန်ကုန်မြို့အတွင်း ပြေးဆွဲနေတဲ့ စီးတီးတက္ကစီယာဥ်တွေကို တခြားယာဥ်တွေနဲ့ ကွဲပြားစေဖို့အတွက် ယာဥ်ရဲ့ဘေးနှစ်ဖက်မှာ အဝါရောင်လိုင်းတွေကို နိုဝင်ဘာ ၁ ရက်ကစပြီး တပ်ဆင်ရမယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ(YRTC)က သိရပါတယ်။
YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က " စီမံချက်က ဒီလကုန်ရင်စပါမယ်။ အဝါရောင် စတစ်ကာလိုင်းကပ်ထားတော့ တခြားယာဥ်တွေနဲ့ မရောတော့ဘဲ အလွယ်တကူ ခွဲခြားလို့ ရတာပေါ့။ စတစ်ကာကပ်တာကို YRTC က အခမဲ့လုပ်ဆောင်ပေးမှာပါ " လို့ ပြောပါတယ်။
စီးတီးတက္ကစီယာဥ်တွေမှာ ဘေးနှစ်ဖက်ကိုယ်ထည်ပေါ် အဝါရောင် အနံ ငါးလက်မခန့်ရှိ အလျားလိုက်လိုင်း စတစ်ကာနဲ့ ယာဥ်ရဲ့ ရှေ့မီးခွက်အောက်မှ နောက်မီးခွက်အထိ ကပ်တာကို လာမယ့် နိုဝင်ဘာလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
စီးတီးတက္ကစီအငှားယာဥ်မောင်းတဦးက "ရန်ကုန်မှာလည်း ကားမောင်းစားရတာ ကြာလာလေ ပိုတင်းကျပ်လာလေပဲ။ နယ်ဘက်မောင်းတဲ့သူတွေပဲ ကောင်းတယ်။ စစ်တပ်ကအုပ်ချုပ်မှပဲ တမျိုးပြီးတမျိုးထုတ်နေတာ။ ပြီးရင်ဘာတခုမှ တာဝန်ယူဖြေရှင်းပေးတာလဲမရှိဘူး"လို့ ပြောပါတယ်။
ရန်ကုန်တိုင်း ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)အနေနဲ့ စတစ်ကာတန်ဖိုး ၅၀၀၀ ကို အခမဲ့၊ လက်ခမယူဘဲ YRTC ဝန်ထမ်းတွေက ကပ်ပေးမှာဖြစ်ပြီး ယာဥ်ပိုင်ရှင်ဘက်က မိမိသဘောနဲ့ စတစ်ကာကပ်လိုပါက ကပ်နိုင်သလို အဝါရောင်ဆေးသုတ်ခွင့်ပြုထားကြောင်း သိရပါတယ်။
ပညာပေးကာလ ပြီးဆုံးပါက အဝါရောင်စတစ်ကာ မကပ်ထားတဲ့ စီးတီးတက္ကစီတွေကို မော်တော်ယာဥ် အန္တရာယ်ကင်းရှင်းရေး စီမံခန့်ခွဲမှု ဥပဒေ ၉၆ အရ အရေးယူမှာဖြစ်သလို ဒဏ်ကြေးငွေ ကျပ် ၃၀၀၀၀ ကိုလည်း ပေးဆောင်ရမယ်လို့ သိရပါတယ်။
လက်ရှိ ရန်ကုန်တိုင်းမှာ တက္ကစီ အစီးရေ ၅၉၀၀၀ ကျော်ရှိပြီး YRTC မှာ လာရောက် မှတ်ပုံတင်ထားတဲ့ စီးတီးတက္ကစီ အစီးရေ ၅၃၀၀၀ ကျော်ထိရှိကြောင်းသိရပါတယ်။