ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားတဲ့ သီတင်းကျွတ်ကျောင်းပိတ်ရက်ကာလတွေမှာ တပတ်လောက် သင်တန်းတက်ရမှာဖြစ်တဲ့အတွက် စစ်ကောင်စီ လက်အောက်ခံ Non-CDM ဆရာဆရာမတွေ စိတ်ပျက်နေတယ်လို့ ပညာရေးအသိုင်းအဝိုင်းက သိရပါတယ်။
စစ်ကောင်စီပညာရေးဌာနက သီတင်းကျွတ်ကျောင်းပိတ်ရက်တွေမှာ မူလတန်းအဆင့်နဲ့ အလယ်တန်းအဆင့် ဆရာ/ဆရာမတွေကို အခုလ ၂၂ ရက်ကနေ ၂၈ ရက်အထိ အင်္ဂလိပ်စာ အရည်အသွေးမြင့်သင်တန်းတက်ရမှာ ဖြစ်ပါတယ်။
အင်းစိန်မြို့နယ်က မူလတန်းပြဆရာမတဦးက “သင်တန်းခေါ်တာတော့ ဟုတ်ပါပြီ။ တကယ် ထိထိရောက်ရောက် ပို့ချကြရင် ကံကောင်းပေါ့။ တချို့နည်းပြတွေ ငါ့တာဝန်ပြီးရင်ပြီးရောဆိုပြီး သင်သွားတာ။ စိတ်ပျက်ဖို့ကောင်းတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီပညာရေးဌာနက ပြုလုပ်တဲ့ သင်တန်းတွေဟာ ဆရာ/ဆရာမတွေအတွက် ထိရောက်တဲ့ သင်တန်းမျိုးတွေ မဟုတ်ဘဲ အချိန်ကုန်၊ ငွေကုန်စေတဲ့ သင်တန်းမျိုးတွေသာဖြစ်တယ်လို့ ဆရာ/ဆရာမတွေက ဝေဖန်ပါတယ်။
ဆရာမတဦးက “တချို့သင်တန်းနည်းပြတွေက ၂ လုံးထီတွက်ပြီး ပြန်သွားတာတွေတောင်ရှိတယ်။ သင်တန်းလို့သာပြောတာ ပိတ်ရက်မှာ အိမ်မပြန်ရအောင်လုပ်နေသလိုပဲ”လို့ ပြောပါတယ်။
အင်္ဂလိပ်စာအရည်အသွေးမြင့်သင်တန်း ဗဟိုအဆင့်နည်းပြသင်တန်းကို အခုလ ၁၅ ရက်ကနေ ၂၁ ရက်နေ့မှာ အွန်လိုင်းပို့ချမှာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပညာရေးဌာနအပြင် တခြားဌာနတွေက ဝန်ထမ်းတွေကိုလည်း သီတင်းကျွတ် ပိတ်ရက်မှာ သင်တန်းတွေ တက်ခိုင်းဖို့ရှိတာကြောင့် ဝန်ထမ်းတွေအကြားလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။