ရန်ကုန်တိုင်းအတွင်းကို လက်ယာကပ်မောင်းစနစ်နဲ့ မကိုက်ညီတဲ့ ညာဘက် စတီယာရင် ဘယ်တံခါးပေါက်ပါတဲ့ ပဲခူးအဝေးပြေးကားတွေကို အောက်တိုဘာ ၁၉ ရက်ကစပြီး ဝင်ခွင့်ပြုမှာမဟုတ်ဘူးလို့ အများပိုင်သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ YRTC ရုံးက သိရပါတယ်။
အဲ့ဒီစီမံချက်ကို YRTC၊ ယာဥ်ထိန်းရဲနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး စော်ဘွားကြီးကုန်းအထိသာ ဝင်ရောက်ခွင့်ပြုတော့မယ်လို့ YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောပါတယ်။
"ဒီလိုမဟုတ်ရင် မြို့ထဲ ခဏခဏယာဥ်တိုက်မှုတွေဖြစ်နေတာ။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁ ရက်နေ့က မင်္ဂလာဒုံမှာ ပဲခူးလိုင်းကားနဲ့ ဝင်တိုက်ခံရတဲ့ ဆိုင်ကယ်ပေါ်က ကျောင်းသူလေးနှစ်ဦး သေဆုံးသွားတဲ့ဖြစ်စဥ်နဲ့ CNG ဖြည့်ဖို့စောင့်နေတဲ့ YBS ယာဥ်မောင်းတဦးကို ပဲခူးလိုင်းကား ဝင်တိုက်လို့ သေဆုံးသွားတဲ့ဖြစ်စဥ်တွေရှိခဲ့တယ်။ အဓိကကတော့ အားလုံး အန္တရာယ်ကင်းဖို့အတွက်ပါ။”
ပဲခူး-ရန်ကုန် ပြေးဆွဲနေတဲ့ ယာဥ်လိုင်းတွေအနေနဲ့ တံခါးဘယ်ဘက်ပေါက်ကိုပိတ်ပြီး ညာဘက်တံခါးပေါက်ပြန်ဖောက်ရမယ်ဆိုရင် အချိန် ၂ ပတ်ကြာမြင့်နိုင်တာကြောင့် ခံဝန်ထိုးပြီး ရန်ကုန်မြို့ထဲကို ဝင်ရောက်ခွင့်ပြုဖို့ တင်ပြထားပေမယ့် YRTC ဘက်က လုံးဝခွင့်မပြုကြောင်း ပဲခူးမော်တော်ယာဥ်အသင်းရုံးက သိရပါတယ်။
ပဲခူးတိုင်းမှာ အမှတ် (၅) ယာဉ်လိုင်းနဲ့ အမှတ် (၆) ယာဉ်လိုင်း နှစ်လိုင်းရှိပြီး အမှတ် (၅) ယာဉ်လိုင်းမှာ ရန်ကုန်-ပဲခူး-ညောင်လေးပင်ကို ပြေးဆွဲပြီး အမှတ် (၆) လိုင်းမှာ ရန်ကုန်-ပဲခူး-ကျိုက်ထိုလမ်းပိုင်းကို ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေဖြစ်ကြောင်း သိရပါတယ်။