မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးဆည်ကို စစ်ကောင်စီက သတိပေးခြင်းမရှိဘဲ အောက်တိုဘာ ၁၂ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ရေမလျှံသေးခင် ဖောက်ချလိုက်တာကြောင့် ဆည်အောက်ဘက်ကျေးရွာတွေ ရေဘေးလွတ်ရာ ရွှေ့ပြောင်းနေကြရတယ်လို့ ဒေသခံတွေ ပြောပါတယ်။
"ဆည်ရေဖောက်ချလိုက်တာ ဆည်အောက်ဘက်က ရေချောင်း၊ ဝေါ၊ ဝန်စု၊ ရွာသစ်ရွာတွေထဲ ရေတွေဝင်လာပြီ စစ်တပ်ဘက်က ကြိုတင်အကြောင်းကြားတာ သတိပေးတာမရှိဘူး ဆည်ဖောက်ချမယ်ဆိုတာ၊ တခြားသူတွေပြောမှ သိရတာ" လို့ ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဆည်တော်ကြီးဆည်ရဲ့ ရေပြည့်အမှတ်က ၄၁၉ ဒသမ ၅ ပေဖြစ်ပြီး အောက်တိုဘာ ၁၂ ရက် မနက် ၆ နာရီအချိန် တိုင်းထွာချက်အရ ၄၁၆ ဒသမ ၄ ပေရှိကြောင်း ဆည်တော်ကြီးဆည် လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်း စာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး၀န်ကြီးဌာနက မန္တလေးတိုင်းနဲ့ မကွေးတိုင်းတို့မှာ မိုးကြီးနိုင်ကြောင်း ကြိုတင်သတိပေး ထုတ်ပြန်ထားပါတယ်။