အစ္စရေးဟာ ဟားမတ်စ်တို့ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်ဖို့ နယ်မြေတခုလုံးကို ပိတ်ဆို့တားဆီးမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသမှာ အရေးကြီးတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေ အတော်ဆိုးဆိုးရွားရွား လျော့နည်းလာပြီလို့ ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) က အောက်တိုဘာ ၁၂ ရက်မှာ သတိပေး ပြောကြားခဲ့ပါတယ်။
“အစားအစာနဲ့ ရေကို အကန့်အသတ်နဲ့ ပေးဝေနေပြီး အမြန်ကုန်သွားတာကို မြင်တွေ့နေရတာဟာ ဂါဇာကမ်းမြောင် ဆိုးရွားတဲ့အခြေအနေတခုပါပဲ” လို့ ရောမမြို့ အခြေစိုက် WFP ရဲ့ အရေးပေါ်အခြေအနေဆိုင်ရာ လက်ထောက်အကြီးအကဲ ဘရိုင်ယန် လန်ဒါက ပြောပါတယ်။
ဒီနေရာမှာ ခိုလှုံနေရပြီး ရှင်သန်ဖို့ ကြိုးစားနေတဲ့လူတွေဟာ အချိန်ကြာလာတာနဲ့အမျှ ပိုဆိုးဝါးတဲ့ အခြေအနေတွေကို ရောက်သွားလိမ့်မယ်လို့လည်း လန်ဒါက ဆိုပါတယ်။
ဂါဇာကမ်းမြောင်ဒေသကို ထောက်ပံ့ရေးပစ္စည်းတွေ ပို့ဆောင်နိုင်စေဖို့ WFP အတွက် လုံခြုံတဲ့ လမ်းကြောင်းတွေ ဖန်တီးပေးဖို့နဲ့ ဒါမှသာ ကုလသမဂ္ဂ ဝန်ထမ်းတွေဟာ အဲဒီဒေသမှာ ဘေးကင်းကင်း အလုပ်လုပ်နိုင်မှာဖြစ်ကြောင်း အစ္စရေးနဲ့ အီဂျစ် ၂ နိုင်ငံလုံးကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။
ဂါဇာရှိ ဆေးရုံမီးစက်တွေအတွက် လောင်စာဆီတွေ မကြာခင်မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသအတွင်း သိုလှောင်ထားတဲ့ ဆေးဝါးနဲ့ အထောက်အပံ့တွေကလည်း ဘေးကင်းတဲ့လမ်းကြောင်းကို လိုအပ်နေတာကြောင့် သောင်တင်နေတယ်လို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) က အောက်တိုဘာ ၁၂ ရက်မှာ ပြောပါတယ်။
ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ အေဂျင်စီ (UNWRA) က ဒီပဋိပက္ခမှာ သူ့ဝန်ထမ်း ၁၁ ဦး သေဆုံးခဲ့ကြောင်း ပြောထားပါတယ်။
အစ္စရေးဟာ ဂါဇာကမ်းမြောင်ဒေသကို လုံးလုံးလျားလျား ပိတ်ဆို့ထားမယ်လို့ အောက်တိုဘာ ၉ ရက်က ကြေညာခဲ့ပြီး ကမ်းရိုးတန်းနယ်မြေအတွင်းကို ရိက္ခာ၊ လောင်စာဆီနဲ့ ရေတွေအပြင် အဝင်အထွက်နေရာတွေ အားလုံးကိုပါ ပိတ်ပစ်ခဲ့ပါတယ်။
နယ်စပ်တွေကို ပိတ်ချထားခြင်းအပြင် အစ္စရေးစစ်တပ်ဟာ ဂါဇာနယ်မြေအတွင်း ကြီးမားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာကြောင့် ထောင်ပေါင်းများစွာသော ပါလက်စတိုင်းတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
Source/Photo-Reuters