‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးတပ်ဖွဲ့ (UWSA) အရာရှိနှစ်ယောက်ကို အွန်လိုင်းငွေလိမ်တဲ့ လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှုရှိတယ်ဆိုပြီး တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက်မှာ ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။
ဖမ်းဝရမ်းထုတ်ခံရသူတွေထဲမှာ အရင် ၄၆၈ တပ်မဟာမှူးလည်းဖြစ်၊ ‘ဝ’ ခေါင်းဆောင် ပေါက်ယူချန်းရဲ့ တူတော်စပ်သူ လက်ရှိ ‘ဝ’ပြည်နယ်အစိုးရ ဆောက်လုပ်ရေးဌာနမှူး ပေါက်အိုက်ပန်း (ခေါ်) ပေါက်ယန်ပန် (ခေါ်) ချန်ယန်ပန် ပါဝင်ပြီး နောက်တယောက်ကတော့ ‘ဝ’ ခေါင်းဆောင် ပေါက်ယူချန်းရဲ့ သားမက်ဟောင်းလို့ဆိုတဲ့ မိုင်းလင်းခရိုင်မှူး ရှောက်ဟော် (ခေါ်) အိုက်ဟော့ (ခေါ်) ဟော်ချွင်ထင်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့ကိုဖမ်းမိအောင် သတင်းပေး ကူညီသူကို တရုတ်ယွမ် ၁ သိန်းကနေ ၅ သိန်းအထိ ပေးမယ်လို့ တရုတ်ဘက်က ကြေညာထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ‘ဝ’ နဲ့ ကိုးကန့်ဒေသက အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်တဲ့ တရုတ်နိုင်ငံသား ၂,၃၀၀ ကျော်ကို ပြီးခဲ့တဲ့လပိုင်းတွေမှာ မြန်မာဘက်က ဖမ်းဆီးပြီး တရုတ်ပြည် ပြန်ပို့ခဲ့ပါသေးတယ်။