ဟန်ဂေရီနိုင်ငံတောင်ပိုင်း ဆားဘီးယားနယ်စပ်အနီးမှာ အောက်တိုဘာ ၁၂ ရက်က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို တင်ဆောင်လာတဲ့ ကားတစီးဟာ သစ်ပင်ကို ဝင်တိုက်ပြီးတော့ တိမ်းမှောက်သွားတာကြောင့် လူ ၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း ဟန်ဂေရီရဲတပ်ဖွဲ့က ပြောပါတယ်။
ပြင်သစ် ကားနံပါတ်ပြားပါရှိပြီး လူမှောင်ခိုသမား မောင်းနှင်လာတဲ့ မော်တော်ကားဟာ ရဲတပ်ဖွဲ့ စစ်ဆေးရေးအတွက် မရပ်တန့်ခဲ့ဘဲ ကစ်ရှ်ကွန်မိုက်ရှာမြို့အနီးမှာ မတော်တဆမှု မဖြစ်ပွားခင် အရှိန်မြှင့်မောင်းနှင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ယာဉ်ပေါ်မှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ဘယ်လောက်ပါလာတယ် ဆိုတာကို ရဲတပ်ဖွဲ့က မပြောကြားခဲ့ပါဘူး။
လွန်ခဲ့တဲ့လတွေအတွင်း ဟန်ဂေရီနိုင်ငံတောင်ပိုင်းနဲ့ ဆားဘီးယားနယ်စပ်မှာ စလိုဗက်ကီးယား သို့မဟုတ် သြစတြီးယားကို ဦးတည်သွားကြတဲ့ တရားမဝင် ရွှေ့ပြောင်းဝင်ရောက်မှု အရေအတွက် ခုန်တက်သွားကြောင်း ရဲတပ်ဖွဲ့ရဲ့ ကိန်းဂဏန်းတွေအရ သိရပါတယ်။
ဟန်ဂေရီဟာ အီးယူထဲမှာ မပါဝင်တဲ့ ဆားဘီးယားကို ရွှေ့ပြောင်းနေထိုင်သူတွေကို တွန်းပို့ခဲ့ပေမဲ့ သူတို့ဟာ ခြံစည်းရိုးကို ဖြတ်တောက်ဖို့နဲ့ ကျော်တက်ဖို့တွေ အကြိမ်ကြိမ် ကြိုးစားခဲ့ပါတယ်။
အတော်များများကတော့ အဓိကအားဖြင့် စလိုဗက်ကီးယားနယ်စပ် မြောက်ဘက်အထိ ပို့ဆောင်ပေးတဲ့ လူမှောင်ခိုဂိုဏ်းတွေရဲ့ အကူအညီကို ယူကြပါတယ်။
Source/Photo-Reuters