ပဲခူးတိုင်းထဲက နေရာအများအပြားကို အောက်တိုဘာ ၇ ရက် မိုးရွာသွန်းချိန်က စတင်ကာ ရက်သတ္တပတ် ၁ ပတ်ခန့် ရေကြီး၊ ရေလျှံ၊ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ရေကြီးရေလျှံမှုတွေက မိုးရွာသွန်းမှုကြောင့်တင်မကဘဲ စစ်တပ်ဘက်က ဆည်ဖောက်ချတာကြောင့် ပိုမိုဆိုးရွားနေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ဆည်က ၃ ခုရှိတယ်၊ ရေကျော်ဖို့ ပေအနည်းငယ်ပဲ ကျန်တော့လို့ ဖောက်ချလိုက်တာလို့ သိရပေမဲ့ ကြိုမပြောတော့ ရှောင်ချိန်မရဘူး။ စစ်တပ်က PDF ရန်ကြောင့် သေနတ်လွယ်ပြီး ကယ်ဆယ်နေရတယ်ဆိုတာ လျှောက်ပြောနေတာ၊ ဖောက်ချတာက သူတို့ပဲ” လို့ ဒီဗွီဘီကို ပြောပါတယ်။
ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာကြောင့် အခက်အခဲတွေ ရှိနေပြီး အဓိကကူညီသူတွေက ဒေသခံ ကယ်ဆယ်ရေးအသင်းတွေနဲ့ ပရဟိတအဖွဲ့တွေကသာ အဓိကကူနေကြတာလို့ ရေဘေးကူညီခဲ့သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
“သူတို့ချည်း(စစ်တပ်) ကူညီတာတော့ မဟုတ်ဘူး၊ ကယ်ဆယ်ရေးအသင်းတွေနဲ့ ပရဟိတအဖွဲ့တွေ အများကြီးက ဝိုင်းကူနေကြတာပါပဲ။ သူတို့(စစ်တပ်) ကူညီလား မကူညီလား ဆိုတာက မပြောတတ်ဘူး။ အစ်ကိုတို့က သွားတယ်၊ ကူစရာရှိတာ ကူတယ်၊ လှူစရာရှိတာ လှူပြီး ပြန်ကြတာဆိုတော့ ပတ်ဝန်းကျင်ကို သတိမထားနိုင်ဘူး။”
လက်ရှိမှာ ပဲခူးမြို့ထဲက လမ်းမကြီးကတော့ ရေကျသွားပြီဖြစ်ပေမဲ့ ရပ်ကွက်တွေထဲတော့ ရေမကျသေးတာကြောင့် ရေနစ်မြုပ်ခဲ့တဲ့ ရပ်ကွက်တွေမှာ အခက်အခဲတွေ ရှိနေကြပြီး ရေစီးသန်တဲ့ ကလျာဏီ၊ မဇင်း၊ ဇိုင်းမြောက်ရပ်ကွက်တွေမှာတော့ လူမှုကယ်ဆယ်ရေး အသင်းတွေက အောက်တိုဘာ ၁၂ ရက် ဒီကနေ့မှ သွားရောက်နိုင်တာကြောင့် ဒီကနေ့မှ ထမင်းထုပ်တွေ ရကြတယ်လို့ သိရပါတယ်။
ပဲခူးမြို့မှာ နှစ်ပေါင်း ၆၀ ခန့်အတွင်း စံချိန်တင် ရေကြီးရေလျှံခဲ့တာကြောင့် တမြို့လုံးရဲ့ ၈၀ ရာခိုင်နှုန်းခန့်ဟာ ရေဘေးဒဏ်ကို ခံစားခဲ့ရပြီး စစ်တပ်ဝါဒဖြန့် တယ်လီဂရမ် ချန်နယ်တွေမှာတော့ စစ်တပ်၊ ရဲနဲ့ လက်အောက်ခံအဖွဲ့တွေက ရေပြန်ကျကတည်းက ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ရေးသားဖော်ပြထားပါတယ်။