Home
မြန်မာသတင်း
နေရပ်စွန့်ခွာ စစ်ဘေးရှောင် ၁၈၀၀၀ ခန့် ထပ်မံထွက်ပြေးတိမ်းရှောင်  
DVB
·
October 12, 2023
WarVictims_12102023

မြန်မာပြည်တွင်း ပဋိပက္ခတွေနဲ့ မလုံခြုံမှုတွေကြောင့် ပြီးခဲ့တဲ့ စစ်‌ဘေးရှောင်ပြည်သူ ၁၈၀၀၀ လောက် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က မနေ့က ထုတ်ပြန်ပါတယ်။

စက်တင်ဘာ  ၂၆ ရက်ကနေ အောက်တိုဘာ ၁ ရက်အထိ ၆ ရက်အတွင်း  နိုင်ငံ အရှေ့တောင်ဘက်မှာ လူဦးရေ ၄,၈၀၀ လောက် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး နိုင်ငံအနောက်မြောက်ဘက်ရှိ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ လက်နက်ကိုင်တိုက်ပွဲတွေကြောင့် လူဦးရေ ၁၃,၀၀၀ လောက် စက်တင်ဘာလနှောင်းပိုင်းက နေရပ်စွန်ခွါထွက်ပြေးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေက အနီးနားရှိ သစ်တောထဲကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး အမိုးအကာ၊ စားနပ်ရိက္ခာနဲ့ တခြား အခြေခံပစ္စည်းတွေ အရေးပေါ် လိုအပ်နေပါတယ်။

စက်တင်ဘာလနှောင်းပိုင်းကတည်းက ကယားပြည်နယ်ရှိ အဓိကလမ်းတွေကို ပိတ်ဆို့ထားတာကြောင့် ရှမ်း-ကယားနယ်စပ်တလျှောက်ရှိ ကျေးရွာတွေက ဒေသခံတွေအနေနဲ့ လူမှုကယ်ဆယ်ရေးပစ္စည်း ပြတ်လပ်နေသလို လူသားချင်းစာနာမှုဆိုင်ရာ ဝင်ရောက်ကူညီခွင့်တွေကိုလည်း အဟန့်အတားဖြစ်နေတယ်လို့ UNOCHA- Myanmarက ပြောပါတယ်။

အောက်တိုဘာ ၂ ရက်အထိ ကုလသမဂ္ဂရဲ့ နောက်ဆုံးရ စာရင်းတွေအရ မြန်မာနိုင်ငံတဝန်း ပြည်တွင်းနေရပ်စွန့်ခွာသူဦးရေ ၂  သန်းနီးပါးရှိလာပြီး ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၇ သန်းနီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရသူတွေ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024