ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ်၊ လိုင်ဇာအနီး မုန်လိုင်ခက်စစ်ရှောင်စခန်းနားမှာ ပေါက်ကွဲမှုဖြစ်စေတဲ့ စစ်လက်နက်သိုလှောင်တာမရှိဘူးလို့ KIO ပြောခွင့်ရသူဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
အောက်တိုဘာ ၉ ရက်နေ့၊ ညပိုင်းမှာ လူ ၂၉ ယောက်သေဆုံးပြီး ၆၀ နီးပါးကိုဒဏ်ရာရစေခဲ့တဲ့ ဖြစ်ရပ်ဟာ အမိုနီယမ်နိုက်ထရိတ်(ယမ်း)သိုလှောင်ရုံ ပေါက်ကွဲမှုကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့ ဗိုလ်မှူးကြီးနော်ဘူက တုံ့ပြန်ဖြေဆိုလိုက်တာပါ။
ဒီပေါက်ကွဲမှုဟာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြောင့် ဖြစ်ပွားခဲ့တာလို့ KIA က ဖွဲ့စည်းထားတဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ငယ်က ကနဦးတင်ပြထားတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
“နောက်တစ်ခုရှိတာက အမျိုးအစားကိုတော့ နာမည်တပ်ဖို့တော့ အခက်အခဲတွေရှိတယ်။ အင်အားပြင်းတဲ့ ဗုံးနဲ့ပစ်တာဖြစ်နိုင်တယ်လို့ သူတို့ကတော့ သုံးသပ်ထားတာရှိပါတယ်။”
ဒါပေမဲ့ အသုံးပြုခဲ့တဲ့လက်နက်ကို အတိအကျမသိရသေးဘဲ အဲနေ့ညက လေယာဉ်သံလည်း မကြားခဲ့တာကြောင့် အလေးချိန်သိပ်မရှိတဲ့ ဖျက်အားပြင်းဗုံးကို အသုံးပြုခဲ့တာဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဘက်ကတော့ သူတို့အနေနဲ့ ပစ်ခတ်တိုက်ခိုက်တာမရှိကြောင်းနဲ့ ကေအိုင်အေဘက်က သိုလှောင်ထားတဲ့ အမိုနီယမ်နိုက်ထရိတ်ယမ်းတွေ ပေါက်ကွဲတာဖြစ်နိုင်တယ်လို့ ပြောဆိုထားတာပါ။ ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရသူရဲ့စကားဟာ မှန်ကန်မှုမရှိဘူးလို့ KIO/KIA ဘက်က တုံ့ပြန်ပြောဆိုပါတယ်။
“အဲဒီနား ဘာမှ ဂိုဒေါင်မှမရှိဘူး။ ပြည်သူလူထုလည်း အားလုံးသိပြီးသားဖြစ်ပါတယ်။ ဒီမှာ ဘောလုံးကွင်းပုံစံ လုပ်ထားတဲ့နေရာပဲ ဖြစ်ပါတယ်”လို့ ဗိုလ်မှူးကြီးနော်ဘူက ရှင်းပြပါတယ်။
အမိုနီယံနိုက်ထရိတ် မီးလောင်ပေါက်ကွဲတဲ့အခါမျိုးမှာ နိုက်ထရိုဂျင်အောက်ဆိုက်ဒ်နဲ့ အမိုးနီးယားဓာတ်ငွေ့တွေ ရောနှောပါဝင်နေတဲ့ အဆိပ်ငွေ့တွေ ထွက်လာတတ်ပြီး လူတွေ ရှူရှိုက်မိရင် အသက်ဆုံးရှုံးစေနိုင်တာလည်း ဖြစ်ပါတယ်။
ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့တဲ့ စစ်ရှောင်အများစု ဆေးရုံးကနေ ဆင်းခွင့်ရခဲ့ပြီး ထူးခြားတဲ့ ကျန်းမာရေးလက္ခဏာတွေပြတာလည်း မရှိဘူးလို့ KIO နဲ့ ဒေသခံတချို့ကလည်း ဆိုပါတယ်။
လက်ရှိ စစ်ရေးအခြေအနေကတော့ နမ်ဆန်ယန်ဒေသ၊ မြစ်ကြီးနား–ဗန်းမော်လမ်းမပေါ်ရှိ လိုင်လွမ့်အောင်ဂျာဘက်မှာလည်း အခုရက်ပိုင်း စစ်တပ်က တနေကုန်နီးပါး လေကြောင်းကနေ လာပစ်နေတယ်လို့ သိရပါတယ်။