မကွေးတိုင်း မြိုင်မြို့နယ်မှာ အောက်တိုဘာ ၉ ရက် မနက်ပိုင်းက စစ်ကောင်စီရဲ့လက်အောက်ခံ ပျူစောထီးစခန်းတခုတိုက်ခိုက်ခံရတယ်လို့ မြိုင်အခြေစိုက် ဒို့ညီနောင်ပြောက်ကျားတပ်ဖွဲ့က ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ အထိုင်ချတပ်စွဲထားတဲ့ မြိုင်မြို့နယ် အရှေ့တောင်ဘက် သရက်ကွရွာက ပျူစောထီးစခန်းကို အောက်တိုဘာ ၉ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ ၆၀ မမတွေ၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒို့ညီနောင်ပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်ခံက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုကို ဒို့ညီနောင်ပြောက်ကျားတပ်ဖွဲ့နဲ့ နံ့သာမြေယက္ခ PDF တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က စက်လတ်တွေ၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပြီး အတိကျမသိရသေးဘဲ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေကတော့ မွန်းတည့် ၁၂ နာရီလောက်မှာ ထိခိုက်မှုမရှိဘဲ ပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ ပြောပါတယ်။
မကွေးတိုင်း ရေစကြိုမြို့မှာလည်း အောက်တိုဘာ ၁၀ ရက် မနက်က စစ်ကောင်စီတပ်သားတွေ တိုက်ခိုက်ခံရပြီး ၆ ယောက် အပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်ပကဖ က ပြောပါတယ်။
ရေစကြိုမြို့မရဲစခန်းက ခြေလျင်ထွက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၀ လောက်ကို အောက်တိုဘာ ၁၀ ရက်နေ့ မနက် ၇ နာရီခွဲလောက်က ရေစကြိုမြို့အထွက်မှာ ၁၂ လုံးတွဲမိုင်းနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ရေစကြိုမြို့နယ် ပကဖရဲ့ ခေါင်းဆောင်ရဲဘော်ဝေကြီးက ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သား ၆ ယောက်အပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူတွေ ပိုင်ဆိုင်တဲ့ ကားကိုတားပြီး မြို့ထဲကို ပြန်သွားကြတယ်လို့ ဆိုပါတယ်။
လက်ရှိ ရေစကြိုမြိုပေါ်မှာ စစ်ကောင်စီတပ်သားအင်အား များပြားနေတာကြောင့် ပြည်သူတွေအနေနဲ့ ရဲစခန်း၊ပျူစောထီးစခန်းတွေနဲ့ ဝေးဝေးနေကြဖို့ မေတ္တာရပ်ခံထားပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ အင်အား ၁၀၀ ကျော်ပါ စစ်ကောင်စီတပ်ဟာ အောက်တိုဘာ ၁၀ ရက်က ကံသာယာကျေးရွာ အရှေ့ဘက် နတ်ကြီးကုန်း တောတိုက်မှ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦးအား ဖမ်းဆီး သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဟာ အသက် ၂၅ နှစ်အရွယ် မညိုအား ဖမ်းဆီးပြီး ရွှေနားကပ်ကို ဖြုတ်ယူကာ သတ်ဖြတ်သွားသလို့ အမျိုးသားဖြစ်သူကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကံသာယာရွာတဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် အသက် ၄၅ နှစ်အရွယ် စစ်ရှောင် ကိုဖိုးခိုင် သေနတ်ထိမှန်ဒဏ်ရာနဲ့ သေဆုံးခဲ့ရပြီး အခြားပြည်သူ နှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။
စစ်ကောင်စီတပ် လယ်တောထဲက နွား ၄ ကောင်ကိုလည်း ပစ်သတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာ ၁၁ ရက်နေ့ကလည်း ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ကြောင်းနဲ့ ထိုးစစ်ဆင်နေတာကြောင့် သံဘို၊ ကျီးကန်၊ ရေအေးကုန်း၊ နှဲတွင်း၊ ဆီဆုံလေး၊ မိုးနတ် စတဲ့ကျေးရွာတွေမှ ဒေသခံ ၄၀၀၀ ကျော် စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသတွင်းကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။